CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ နိုင်ငံရေးကို အကြောင်းပြပြီး မိမိတို့၏ ကိုယ်ကျိုးအတွက် နိုင်ငံတော်၏ သယံဇာတများကို တရားမဝင် ထုတ်ယူခြင်းများ အမြောက်အမြား ဆောင်ရွက်နေကြသည်ဟု နိုင်ငံတော်လုံခြုံ ရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့မှာ မြို့မိမြို့ဖများနှင့် သက်ဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ စစ်ကိုင်းတိုင်းဒေသကြီး အချို့နေရာများ၌ ဆူပူသောင်းကျန်းမှုများ ပေါများ ခြင်းသည် အသိပညာ အားနည်းမှု၊ အတတ်ပညာအားနည်းမှုများနှင့် ဆက်စပ် နေသည်ကို အခြေခံအားဖြင့် တွေ့ရှိ နိုင်ကြောင်း၊ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်သော် လည်း အကြမ်းဖက် လုပ်ရပ်များကို ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးကို အကြောင်းပြပြီး မိမိတို့၏ ကိုယ်ကျိုးအတွက် နိုင်ငံတော်၏သယံဇာတများကို တရားမဝင် ထုတ်ယူခြင်းများကို အမြောက်အမြား ဆောင်ရွက် လျက်ရှိသည်”ဟု ပြောသည်။

အလားတူ လက်နက်အားကိုးဖြင့် ဒေသခံ ပြည်သူများထံမှ ငွေကြေးများ အတင်းအဓမ္မ ကောက်ခံပြီး ၎င်းတို့၏ ကိုယ်ကျိုးအတွက် အသုံးပြုနေကြကြောင်း၊ ထိုသို့ လုပ်ဆောင်နေမှုများကြောင့် ဒေသခံ ပြည်သူများ ဝန်ထုတ် ဝန်ပိုးများ ဖြစ်နေသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဝိုင်းဝန်း တိုက်ဖျက်သွားကြ ရန် ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အာရက္ခတပ်တော်(AA)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ချင်း PDF များ၊ ကူကီးအမျိုးသားတပ်မတော်-မြန်မာ (KNA-B)၊ အရှေ့နာဂအမျိုးသားများကာကွယ်ရေးအဖွဲ့(ENNO/ENDA)၊ နာဂ PDF များကို လက်နက်ခဲယမ်းများ ထောက်ပံ့ကူညီ၍ ကသုံးလုံး(ကန့်ဘလူ၊ကောလင်း၊ကသာ)စစ်ဆင်ရေးကို ဖော်ဆောင်၍ ထိန်းချုပ်ရန် ကြိုးပမ်း လျက်ရှိသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးကို ထိန်းချုပ်ပြီးပါက ကချင်ပြည်နယ်-စစ်ကိုင်းတိုင်းဒေသကြီး-ချင်းပြည်နယ်- ရခိုင်ပြည်နယ်တို့ကို ချိတ်ဆက်၍ မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသတစ်လျှောက် လွတ်မြောက်ရေးနှင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး ထိန်းချုပ်ရေးကို ဖော်ဆောင်မည်ဟု KIA က ပြောကြားထားသည်။

လက်ရှိမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ လှုပ်ရှားနေသော လက်နက်ကိုင် အဖွဲ့အစည်းများသည် ဒေသ တွင်းရှိ သယံဇာတများကို တူးဖော်ရောင်းချနေကြသလို ဒေသတွင်းနေ ပြည်သူလူထုထံမှ ငွေကြေးများ ကောက်ခံ ၍ ရပ်တည်လျက်ရှိကြသည်။

တချို့သော အဖွဲ့အစည်းများသည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် အိန္ဒိယနယ်စပ် တစ်လျှောက်မှာ ရွှေမှောင်ခို ကူး ခြင်း၊ မူးယစ်ဆေးဝါး မှောင်ခိုကူးခြင်း၊ လက်နက်ခဲယမ်း မှောင်ခို ကူးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဒေသတွင်း အရင်းအမြစ်များက ပြောသည်။

အလားတူ လက်နက်ကိုင် ပဋိပက္ခများ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အပြင်းအထန် ဖြစ်ပွားနေခြင်းကြောင့် ရေကြောင်းနှင့် ကုန်ကြောင်းများ သွားလာရ ခက်ခဲ၍ ကုန်စျေးနှုန်းများ အဆမတန် ကြီးမြင့်လျက်ရှိသလို သွားလာ ရေး ကုန်ကျစရိတ်များလည်း အဆမတန် ကြီးမြင့်လျက်ရှိသည်။