CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းကြောင့် တီမောလက်စ်တေနိုင်ငံ၏ သံရုံးယာယီတာဝန်ခံ နိုင်ငံကနေ ၇ ရက်အတွင်း ထွက်ခွာရန် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့သည်ဟု ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တီမောလက်စ်တေသမ္မတသည် မြန်မာ့တပ်မတော် အရာရှိကြီးအချို့အပေါ် တရားစွဲဆိုသည့် ချင်းလူ့အခွင့်အရေး အဖွဲ့၏ ကိုယ်စားလှယ်ဆိုသူများကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်က လက်ခံ တွေ့ဆုံခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနက “အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံအကြီးအကဲတစ်ဦးက အခြားသော အာဆီ ယံ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံကို ဆန့်ကျင်နေသည့် တရားမဝင် အဖွဲ့အစည်းတစ်ခုနှင့် ထိတွေ့ဆက်ဆံ ခဲ့ခြင်းသည် လုံးဝ လက်ခံနိုင်ဖွယ်ရာ မရှိသည့်အပြင် ထိုအပြုအမူသည် အာဆီယံပဋိညာဉ်နှင့် အရှေ့တောင်အာရှ ချစ်ကြည် ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်တို့တွင် ဖော်ပြပါရှိသည့် အခြေခံမူများကို ပြောင်ပြောင်တင်း တင်း ချိုးဖောက်ခြင်းပင် ဖြစ်သည်”ဟု ပြောသည်။

တီမောလက်စ်တေအစိုးရက ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်း မပြုရေးမူ အပါအဝင် အာဆီယံပဋိညာဉ်ပါ အခြေခံ မူများကို လေးစားလိုက်နာမည်ဖြစ်ကြောင်း စာဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း အကြိမ်ကြိမ် ကတိကဝတ် ပြုခဲ့ခြင်းကြောင့် တီမောလက်စ်တေနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ဖြစ်ရေး ကိစ္စအပေါ် မြန်မာနိုင်ငံက မိမိ၏ မူလရပ်တည်ချက်ကို ပြန်လည် သုံးသပ်ခဲ့ပြီးနောက် အာဆီယံ၏ တူညီဆန္ဒဖြင့် လိုက်ပါဆောင်ရွက်ခဲ့ ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CRHO)နဲ့ တီမောသမ္မတတို့ တွေ့ဆုံစဉ်

သို့ရာတွင် တီမောလက်စ်တေ အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီးသည့် နောက်ပိုင်း ကာလများတွင် လည်း ၎င်း၏ ကတိကဝတ်များနှင့် တာဝန်များကို လိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိသည်ကို လေ့လာတွေ့ရှိရ ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ထို့နောက် တီမောလက်စ်တေ သမ္မတအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်ရေးကို မကြာခဏ ဝင်ရောက် စွက်ဖက် နေသည့် အတွက်ကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ရန်ကုန်မြို့ရှိ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံ မစ္စတာ အဲလီစီယို ဒို ရိုဆားရီရို ဒီ ဆော်ဆာ အား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဆင့်ခေါ်၍  သံတမန် ဆက်ဆံရေးနှင့်စပ်လျဉ်းသည့် ဗီယင်နာကွန်ဗင်းရှင်း (၁၉၆၁) အပိုဒ် ၉ နှင့် အညီ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက် မတိုင်မီ မြန်မာနိုင်ငံမှ အပြီးအပိုင် ထွက်ခွာရန် ညွှန်ကြားခဲ့သည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ သည်။