CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ဒေသတည်ငြိမ်အေးချမ်းရေးကို ပျက်စီးအောင် လုပ်ဆောင် လျက်ရှိ သည့် အကြမ်းဖက်အဖွဲ့များ မရှိစေရေး အားလုံးဝိုင်းဝန်း ဆန့်ကျင် ဆောင်ရွက်သွားကြရန်လိုသည်ဟု နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့မှာ မြို့မိမြို့ဖများနှင့် သက်ဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နိုင်ငံအတွင်း ထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် မိမိတို့အနေဖြင့် ငြိမ်းချမ်း ရေး ဖိတ်ခေါ်မှုများကို အမြဲမပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတည်ငြိမ် အေးချမ်းရေးကို ပျက်စီးအောင် လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်အဖွဲ့များ မရှိစေရေး အားလုံးဝိုင်းဝန်း ဆန့်ကျင် ဆောင်ရွက်သွားကြရန်လို သည်”ဟု ပြောသည်။
အလားတူ နိုင်ငံတော်တိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဟုမ္မလင်းဒေသ သို့ လေကြောင်း ခရီးစဉ်များ ပြေးဆွဲမှုနှင့် ပတ်သက်၍ နိုင်ငံတော်မှ တတ်နိုင်သမျှ ပြေးဆွဲ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ လေကြောင်း ပြေးဆွဲမှု စနစ်တကျ ဖြစ်စေရေးအတွက်လည်း ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဟုမ္မလင်း ဒေသတိုးတက်ရေးအတွက် ဒေသခံ ပြည်သူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ စစ်ကိုင်းတိုင်းဒေသကြီး အချို့နေရာများ၌ ဆူပူသောင်းကျန်းမှုများ ပေါများ ခြင်းသည် အသိပညာ အားနည်းမှု၊ အတတ်ပညာအားနည်းမှုများနှင့် ဆက်စပ် နေသည်ကို အခြေခံအားဖြင့် တွေ့ရှိ နိုင်ကြောင်း၊ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်သော် လည်း အကြမ်းဖက် လုပ်ရပ်များကို ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးကို အကြောင်းပြပြီး မိမိတို့၏ ကိုယ်ကျိုးအတွက် နိုင်ငံတော်၏သယံဇာတများကို တရားမဝင် ထုတ်ယူခြင်းများကို အမြောက်အမြား ဆောင်ရွက် လျက်ရှိသည်”ဟု ပြောသည်။
အလားတူ လက်နက်အားကိုးဖြင့် ဒေသခံ ပြည်သူများထံမှ ငွေကြေးများ အတင်းအဓမ္မ ကောက်ခံပြီး ၎င်းတို့၏ ကိုယ်ကျိုးအတွက် အသုံးပြုနေကြကြောင်း၊ ထိုသို့ လုပ်ဆောင်နေမှုများကြောင့် ဒေသခံ ပြည်သူများ ဝန်ထုတ် ဝန်ပိုးများ ဖြစ်နေသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဝိုင်းဝန်း တိုက်ဖျက်သွားကြ ရန် ၎င်းက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အာရက္ခတပ်တော်(AA)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ချင်း PDF များ၊ ကူကီးအမျိုးသားတပ်မတော်-မြန်မာ (KNA-B)၊ အရှေ့နာဂအမျိုးသားများကာကွယ်ရေးအဖွဲ့(ENNO/ENDA)၊ နာဂ PDF များကို လက်နက်ခဲယမ်းများ ထောက်ပံ့ကူညီ၍ ကသုံးလုံး(ကန့်ဘလူ၊ကောလင်း၊ကသာ)စစ်ဆင်ရေးကို ဖော်ဆောင်၍ ထိန်းချုပ်ရန် ကြိုးပမ်း လျက်ရှိသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးကို ထိန်းချုပ်ပြီးပါက ကချင်ပြည်နယ်-စစ်ကိုင်းတိုင်းဒေသကြီး-ချင်းပြည်နယ်- ရခိုင်ပြည်နယ်တို့ကို ချိတ်ဆက်၍ မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသတစ်လျှောက် လွတ်မြောက်ရေးနှင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး ထိန်းချုပ်ရေးကို ဖော်ဆောင်မည်ဟု KIA က ပြောကြားထားသည်။
လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးရှိ ရွှေပြည်အေးမြို့ (ဟုမ္မလင်းမြို့အနီးရှိသော မြို့ဖြစ်သည်)၊ အင်းတော်မြို့၊ ပင်လည်ဘူးမြို့၊ ကသာမြို့တို့ကို KIA-NUG-PDF များ ထိန်းချုပ်ထားပြီး ထီးချိုင့်၊ ကန့်ဘလူ၊ ဖောင်းပြင်၊ မော်လိုက်၊ တမူး၊ ကလေး၊ ဝန်းသို၊ ကောလင်း၊ ရွှေဘို၊ ယင်းမာပင်၊ ပုလဲ၊ မုံရွာတို့ကို သိမ်းပိုက်နိုင်ရေး တိုက်ခိုက်လျက်ရှိသည်။
အလားတူ ခန္တီးမြို့နှင့် နာဂဒေသကိုလည်း ထိန်းချုပ်နိုင်ရေး KIA-PDF-နာဂ လက်နက်ကိုင်များ ကြိုးပမ်းလျက်ရှိ သည်။
