CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅
နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများတွင် ကြိုတင်စည်းကမ်း သတ်မှတ်ချက်များမရှိရန် လိုအပ်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
ထိုသို့ ကြိုတင်စည်းကမ်း သတ်မှတ်ချက်များ မရှိမှသာ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးသည့်အခါတွင် ပွင့်လင်းစွာ တောင်းဆိုဆွေးနွေး၍ ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးခွန်းဆိုင်က “နှစ်ဖက်စလုံးက ကြိုတင်စည်းကမ်း သတ်မှတ်ချက်တွေ မရှိဖို့လိုတယ်။ ကြိုတင်စည်းကမ်း သတ် မှတ်ချက်မရှိဘဲ ဆွေးနွေးဖို့သင့်တယ်။ ဥပမာ ဦးသိန်းစိန် ခေတ်တုန်းကလည်း အစတုန်းက စည်းကမ်း သတ်မှတ်မှု လေးတွေရှိတယ်။ တကယ်တမ်း ဆွေးနွေးတဲ့အခါကြတော့ ကြိုတင်စည်းကမ်း သတ်မှတ်ခဲ့တာ မရှိဘဲနဲ့ နှစ်ဖက် အဆိုပြုချက်ကို ညှိနှိုင်းပြီးတော့မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်ခဲ့တာပဲ။ အခုလို ဒီလိုဖြစ်သင့်ပါတယ်လို့ ဆွေးနွေးမှုရှိပါတယ်။ ဒီလိုမလုပ်ရင် ဘယ်သူပဲနိုင်နိုင် ရှုံးမှာကတော့ လူထုပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။
အိန္ဒိယဖက်ဒရယ်ဆိုင်ရာစနစ်အကြောင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေစဉ်
နစကဥက္ကဋ္ဌသည် လက်နက်ကိုင် တောင်းဆိုမှုများကို လိုက်လျောပေးမည် မဟုတ်ကြောင်း အမြဲပြောဆိုနေ သကဲ့သို့ နိုင်ငံရေးနည်းလမ်းဖြင့်သာ တွေ့ဆုံဆွေးနွေးရန် ပြောဆိုလျက်ရှိသည်။
ထို့အတူ တိုင်းရင်းသား လက်နက်ကိုင်များဘက်မှလည်း စစ်ရေးဖြင့် ဖြေရှင်းခြင်းထက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း ထုတ်ပြန်ထားကြပေမယ့် လက်တွေ့တွင် သေချာသည့် တွေ့ဆုံဆွေးနွေးရေး မဖြစ်ပေါ်သေးကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
အမှန်တကယ် အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးရေးကို ပြုလုပ်မည်ဆိုပါက တစ်ဖက်တည်းမှ ချမှတ် ထားသော အကြောင်းအရာများအပေါ် ဆွေးနွေးညှိနှိုင်းခြင်းမျိုး မဖြစ်သင့်ကြောင်း၊ နှစ်ဖက်လုံး ပူးပေါင်းပါဝင် ဖြေရှင်းခြင်းကသာ လက်တွေ့ အကျဆုံးဟုထင်ကြောင်း 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်မှူးကြီးစောကျော်ညွန့်က “တကယ် အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးရေးလို့ ပြောမယ်ဆိုရင် တစ်ဖက်က ခေါ်တဲ့အချိန်၊ တစ်ဖက်က ခေါ်တဲ့နေရာ၊ တစ်ဖက်က ရေးဆွဲထားတဲ့ အာဂျင်ဒါ၊ တစ်ဖက်က ချမှတ် ထားတဲ့ အကြောင်းအရာတွေအပေါ်မှာ ဆွေးနွေးညှိနှိုင်းတာ မဟုတ်ဘဲနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ကြတော့ မယ်ဆိုရင် ဘက်နှစ်ဖက် ကနေပြီးတော့ ဘယ်နေရာမှာ တွေ့ဆုံဆွေးနွေးကြမယ်ဆိုတာကို ကြိုညှိမယ်။ ဘာအကြောင်းအရာတွေကို ဆွေးနွေးကြမလဲ ဆိုတာကိုလည်း ကြိုညှိမယ်။ ဆိုလိုချင်တာကတော့ ၂ ဖက်စလုံး ပူးပေါင်းပိုင်ဆိုင်တဲ့ ပါဝင်တဲ့ Joint Ownership, Joint Process ကနေစပြီးတော့ နိုင်ငံမှာရှိနေတဲ့ ပကတိ အခက်အခဲ အကျပ်အတည်းကို နှစ်ဖက်စလုံးက ပူးပေါင်းပါဝင် ဖြေရှင်းခြင်းကသာလျှင် လက်ရှိအခြေအနေ အတွက်သာ လက်တွေ့အကျနိုင်ဆုံးလို့ ထင်ပါတယ်”ဟု ပြောသည်။
သက်ဆိုင်သူ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရေး တိုင်းရင်းသား လက်နက်ကိုင် (၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ ဇန်နဝါရီ 7 EAO Alliance က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်က အစည်းအဝေး တစ်ရပ် ကျင်းပ၍ ဆွေးနွေးခဲ့ကြသည်။
NCA လက်မှတ်ထိုးနေကြစဉ်
အဆိုပါ အစည်းအဝေးတွင် ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်မည့် နိုင်ငံရေး အခင်းအကျင်းနှင့်အညီ ဆောင်ရွက် နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရေး၊ သက်ဆိုင်သူများ အားလုံးပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ် လာစေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေး၊ EAO များအတွင်း Coordination and Cooperation ပိုမို ရရှိ လာစေရေး၊ ပြည်တွင်းနိုင်ငံရေးဘောင် ချဲ့ထွင်ရေးလုပ်ငန်းစဉ်အား တိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။