CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀

မြန်မာနိုင်ငံ၏ တပ်မတော်ကို တိုင်းရင်းသားများအမြင်တွင် ပြည်ထောင်စုတပ်မတော်အစား ဗမာ့တပ်မတော် ဟုသာ မြင်ကြသဖြင့် ပြည်ထောင်စုတပ်မတော်အဖြစ် အမြင်ပြောင်းလဲသွားစေရန် ဘာတွေ ပြောင်းလဲသင့် သလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။

ပြည်ထောင်စုတပ်မတော်အဖြစ် အမြင်ပြောင်းလဲလိုပါက တိုင်းရင်းသားများအပေါ် ပို၍ အရေးပေးသင့်ကာ တပ်မတော်ထဲတွင် သက်ဆိုင်ရာ တိုင်းရင်းသားများအလိုက် မည်မျှပါဝင်သင့်သည်ဆိုသော စနစ်မျိုး လုပ်ရန် လိုကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာန သို့ ပြောသည်။

၎င်းက “ကျနော်တို့လုပ်ဖို့က ၂ ဆင့် လုပ်ရမှာပေါ့။ တစ်ဆင့်ကတော့ လူမျိုးမခွဲခြားဘဲနဲ့ အရည်အချင်း အလိုက် အရည်အသွေးအလိုက် တာဝန်ပေးတာပေါ့။ နိုင်ငံတော်အပေါ် သစ္စာရှိမှုအပေါ် မူတည်ပြီးတော့မှ တာဝန်ပေးတာ ဖြစ်ဖို့ လိုပါတယ်။ ဖြစ်နိုင်ရင် တိုင်းရင်းသားတွေကို ပိုပြီးတော့မှ ဇောင်းပေးဖို့ လိုပါတယ်။ ဥပမာဆိုရင် ဗမာဖြစ်ရင် တက္ကသိုလ်အောင်ရမယ်ဆိုတာမျိုးပေါ့။ တိုင်းရင်းသားဖြစ်ရင် ဗမာမဟုတ်တဲ့ တိုင်းရင်းသားဆိုရင် ၁၀ တန်းအောင် လည်း ရတယ်ဆိုတာမျိုး။ ဒီလိုမျိုး စနစ်မျိုးလည်း ရှိဖို့လိုပါတယ်။ နံပါတ်နှစ်က ကျနော်က တပ်မတော်ဟာ ပြည်ထောင်စုတပ်မတော် ဖြစ်တယ်လို့ ပြောနေကြတယ်။ ပြည်ထောင်စုတပ်မတော်ဆိုတာ ပြည်ထောင်တွေ စု ထားတဲ့ တပ်မတော်ဖြစ်တယ်။ ပြည်ထောင်တွေ ဆိုတာတွေက ဒီထဲမှာ ကချင်ပြည်ထောင်က ဘယ်လောက် ပါရမလဲ၊ ရှမ်းပြည်ထောင်က ဘယ်လောက် ပါရမလဲ၊ ကရင်နီပြည်နယ်က ဘယ်လောက်ပါရမလဲ အဲဒီလိုစနစ်မျိုး သေသေချာချာ လုပ်ထားဖို့လိုတယ်။ ဒါတွေလုပ်နိုင်ဖို့ ကျနော်တို့ တွေ့ဆုံပြီးတော့မှ ညှိနှိုင်းပြီး သဘောတူညီမှုရဖို့ လိုတယ်။ ဒါတွေ လုပ်နိုင်တယ်ဆိုရင် ကျနော်တို့ရဲ့ တပ်မတော်ဟာ ဗမာ့တပ်မ‌တော် မဟုတ်ဘဲ တကယ့် ပြည်ထောင်စု တပ်မတော်ကြီး ဖြစ်သွားနိုင်ပါတယ်” ဟု ပြောသည်။

မြန်မာ့တပ်မတော်ကို တွေ့ရစဉ်

လက်ရှိ မြန်မာ့တပ်မတော်သည် လူမျိုးစု တစ်စုတည်းမှ လွှမ်းမိုးထားသည့် ပုံစံမျိုးဟု တိုင်းရင်းသား လက်နက်ကိုင်များနှင့် စစ်ရေး၊ နိုင်ငံရေးအကဲခတ်များအကြား ယူဆထားကြခြင်းဖြစ်သည်။

ထို့ကြောင့် ပြည်ထောင်စုတပ်မတော်အမြင် ဖြစ်လာရန် ပြောင်းလဲရေးသည် မြန်မာ့နိုင်ငံရေး ရေရှည် တည်ငြိမ်မှုအတွက် အခြေခံအကျဆုံးနှင့် အခက်အခဲဆုံး စိန်ခေါ်မှုကြီး ဖြစ်ကြောင်းလည်း ၎င်းတို့က ထောက်ပြကြသည်။

တပ်မတော်သည် နိုင်ငံတော်ကို ဦးဆောင်ရမည့်အဖွဲ့ မဟုတ်ဘဲ ပြည်သူက ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသော အရပ်သားအစိုးရ၏ အမိန့်အောက်၌သာ ရှိရမည်ဆိုသည့် အချက်ကို ဦးစွာ လုပ်ဆောင် သင့်ကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။

ထို့ပြင် တပ်မတော်၏ တာဝန်သည် ပြည်တွင်းက တိုင်းရင်းသားများအပေါ် ရန်သူကဲ့သို့သဘောထား တိုက်ခိုက်ရန် မဟုတ်ဘဲ ပြည်ပရန်မှ နိုင်ငံတော်၏ နယ်နိမိတ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် ရန် ဖြစ်သည်ဆိုသည့် စစ်ဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလည်း လုပ်ရန်လိုကြောင်း နိုင်ငံရေးလေ့လာသုံး သပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်

၎င်းက “တပ်မတော်ကကြတော့ နိုင်ငံကို ကာကွယ်တဲ့ တပ်မတော်ကကြတော့ ပြည်ထောင်စု တပ်မတော် ဖြစ်ရမှာ။ အခုဖြစ်နေတာက ဗမာ့တပ်မတော် ဖြစ်နေတာ။ တပ်ထဲမှာ တိုင်းရင်းသားဆိုရင် ရာထူးက သိပ်မတက် တော့ဘူး။ မိန်းမက ခရစ်ယာန် ဖြစ်နေလို့ရှိရင်၊ မွတ်ဆလင် ဖြစ်နေလို့ရှိရင် အဲဒီပုဂ္ဂိုလ်က ရာထူးက မတက်တော့ ဘူး။ ဆိုလိုချင်တာက ဒီတပ်မတော်က တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ နိုင်ငံကို ကာကွယ်တဲ့ တပ်မတော်ဖြစ်ရမှာ။ ဘုရင်ခေတ်ကလိုဆိုတာက ဟိုတုန်းက မြန်မာဘုရင်က ကျင့်သုံးခဲ့တဲ့ အချိန်တုန်းက ရှမ်းစော်ဘွားတွေကို သူက နှစ်စဉ် နှစ်စဉ် အခွန်ဘဏ္ဍာ ဆက်သဖို့ပဲ တောင်းဆိုတယ်၊ သူ့အပေါ် သစ္စာရှိဖို့ပဲ တောင်းဆိုတယ်။ နယ်စပ်ကနေ ပြီးတော့ နိုင်ငံခြား ကျူးကျော်မှုတွေ လာလို့ရှိရင် သူက သွားပြီးတော့ တပ်မတော်လွှတ်ပြီးတော့ သွားတိုက်တာ တာဝန်ပေးတာပေါ့။ ဆိုလိုတာက တပ်မတော်ရဲ့ တာဝန်က ပြည်ပကျူးကျော်မှုရန်ကို ကာကွယ်ဖို့ပဲ” ဟု ပြော သည်။

နှစ်ပေါင်း ၈၀ နီးပါးကြာ တိုင်းရင်းသားများ၏ အမြင်တွင် တပ်မတော်သည် ၎င်းတို့ကို ကာကွယ်သည့်အစား ဗမာလူမျိုးကြီးဝါဒဖြင့် ဖိနှိပ်ကျူးကျော်သည့် တပ်မတော်အဖြစ် ရှုမြင်ခဲ့ကြခြင်းဖြစ်သည်။

တပ်မတော်သည် ဗမာ့တပ်မတော်အဖြစ် ဆက်ရှိနေမည်ဆိုပါက တိုင်းရင်းသားများဘက်မှလည်း မိမိကိုယ်မိမိ ခုခံကာကွယ်ရန်အတွက် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAOs) များသည် မည်သည့်အခါမှ လက်နက်ဖြုတ်မည် မဟုတ်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များ ထောက်ပြကြသည်။