CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၉
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လက်နက်ကိုင်သူပုန်များအား အချိန်သတ်မှတ်ချက် (Time Frame) ပေးပြီး ညှိနှိုင်းရန် လိုအပ်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်က လွတ်လပ်ရေး ရရှိခဲ့သော်လည်း မတ်လမှ စတင်ကာ ပြည်တွင်း စစ် ဖြစ်ပွားလာခဲ့သည်မှာ ယနေ့အထိ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်လာခဲ့ပြီဖြစ်သည်။
ငြိမ်းချမ်းရေး လုပ်ဆောင်ရာတွင် ဒုတိယကမ္ဘာစစ်ကြီးက အနုမြူဗုံး နှစ်လုံး ကြဲလိုက်သည့်အခါမှာ အကုန်လုံး ငြိမ်းချမ်းသွားသည့်သဘောမျိုးကို နှစ်သက်ကြောင်း၊ လက်နက်ကိုင်များအား အချိန်သတ်မှတ်ချက်ပေး၍ ညှိနှိုင်း သင့်ကြောင်း၊ ထိုအချိန် သတ်မှတ်ချက်အတွင်း မလာပါက အပြတ်တိုက်ခိုက်ရန် လိုအပ်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အမှန်ကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA) ဆိုတာရှိတယ်လေ။ ကျနော် တစ်ယောက်တည်း အမြင်ပြောရရင်တော့ လွှတ်တော်မှာတော့ ဆွေးနွေးတာ လောလောဆယ်တော့ မလုပ်ရသေး ဘူး။ ဒီသောင်းကျန်းသူတွေ သူပုန်တွေဟာ ကျနော်တို့ လက်နက်ကိုင် လမ်းစဥ်ကို စွန့်လွှတ်ရမယ်၊ ဒါမြန်မာနိုင်ငံ မှာ လက်နက်ကိုင်အဖွဲ့အစည်းက တပ်မတော်ကလွဲပြီး ကျန်တဲ့သူက မရှိရဘူး။ ဒါအခြေခံဥပဒေထဲမှာ ပြဋ္ဌာန်း ထားတယ်။ ကျနော်တို့ NCA ကြီးကိုလည်း ပြန်ပြီးတော့ Upgrade လုပ်ရမယ်။ ဒီ NCA ကြီးထဲမှာ ပါနေတဲ့ အချက် အလက်တွေကို Time Frame ပေးရမယ်၊ မင်းဘယ်လအထိ၊ ဘယ်နှစ်ခုနှစ်အထိ မင်း ငြိမ်းချမ်းရေးယူမှာလား မယူ ဘူးလား၊ ကျနော်တို့က အဲဒီလိုမျိုး ပြတ်ပြတ်သားသား၊ ခပ်မာမာတင်းတင်း ဆောင်ရွက်ဖို့လိုတယ် လို့ မြင်တယ်။ အဲဒီ NCA နဲ့ ပတ်သက်တဲ့ဟာတွေ၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ဟာတွေ၊ ဆက်လုပ်ဖို့တော့ ရှိတယ်။ နဂိုတုန်းကလို အီးယောအီးယောတော့ မရဘူး၊ Time Frame ရှိတယ်၊ မင်းဘယ်နှစ်ခုနှစ်မှာ မင်း အပြတ်ညှိမှာလား၊ မညှိဘူးလား၊ မညှိဘူးဆိုရင် မင်းကို စကားမပြောတော့ဘူး၊ အဲဒီလိုမျိုး ကျနော်တို့က neglect လုပ်လိုက်မှာ။ သူတို့နဲ့ ထိုက်တန်တဲ့ဟာကို ကျနော်တို့က လုပ်ဖို့လိုတယ်။ လိုင်ဇာ(KIA ဌာနချုပ်)မှာဗျာ အေးဆေး ဂေါက်လေး ရိုက်လိုက်၊ ဘိန်းလေးရှူလိုက်၊ ကာရာအိုကေလည်း ဆိုလိုက်နဲ့ အဲဒီလူကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ခေါ်ရင် စားပွဲပေါ် လာမှာ မဟုတ်ဘူး”ဟု ပြေသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မြောက်ပိုင်းလက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည် ဖော်နိုင်ရေးအတွက် အစိုးရ-တပ်မတော်-လွှတ်တော်နှင့် လက်နက်ကိုင်များကြား တွေ့ဆုံ ဆွေးနွေးကြသော်လည်း ယနေ့ထိ အဆင်မ ပြေသေးပေ။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် ၁၄ ဖွဲ့ကြား ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(Bilateral) ထိုးထားကြသလို NCA စာချုပ်ကိုလည်း မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် ၁၀ ဖွဲ့ လက်မှတ်ထိုးထားသည်။
အလားတူ ၁၉၈၉ ခုနှစ်မှ ၁၉၉၅ ခုနှစ်အကြားမှာလည်း မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်တချို့ကြား ငြိမ်းချမ်းရေးစာချုပ်များ လက်မှတ်ရေးထိုးထားဖူးသည်။
သို့သော် လက်နက်ကိုင် ပဋိပက္ခများမှာ ယနေ့ထိတိုင် ဖြစ်ပွားနေသလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည်လည်း ပြန်လည် ပျက်ပြယ်မှုများ ရှိနေသည်။
တပ်မတော် စိုးမိုးသည့်ဘက်တွင် ရိုးသားသည့် ပြည်သူလူထုရှိပြီး ၎င်းတို့ဘက်တွင် သူပုန်ပဲရှိမည်ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်က ပြတ်သားမှုမရှိပါက လက်နက်ကိုင်များ ပိုပြီး အင်အားတိုးပွားသည်ကလွဲ၍ အကျိုးမရှိ ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက CNI သတင်းဌာနသို့ ပြောသည်။

NSPNC နဲ့ NCA ထိုးထားတဲ့ လက်နက်ကိုင်တွေကို တွေ့ရစဉ်
၎င်းက ”ပြည်သူလူထုက သူတို့ချုပ်ငြိမ်းချင်တာ၊ လိုချင်နေတာ ကြာလှပြီဗျ၊ မေးကြည့်ပါဗျာ။ ပြည်သူလူထုက သူပုန်တွေရှိတာ ကြိုက်လား မကြိုက်လားဆိုတာ မေးကြည့်ပါ။ ဘယ်သူပုန်မှ ရှိတာမကြိုက်ဘူး၊ ပြီးရင် ပြည်သူ လူထုကလည်း သူပုန်ရှိတဲ့ဘက်မှာ မနေဘူး။ ဒီဘက် တပ်မတော် စိုးမိုးတဲ့ ဘက်မှာပဲလာပြီးတော့၊ ပြုံပြီးတော့ ဒီမှာ စစ်ဘေးဒုက္ခသည်တွေ၊ အကုန်လုံး ဒီရောက်လာကြတာ၊ သူတို့ဘက်မှာ သူပုန်ပဲရှိတယ်။ သူပုန်နဲ့တပ်ပဲ ရှိတယ်။ အဲဒီမှာ ဘိန်း ရှိရင်ရှိမယ်ဗျာ၊ ကာလာအိုကေ ကောင်မတွေ ရှိရင်ရှိမယ်၊ ဘာညာပေါ့နော် ဒီလောက်ပဲ ရှိမယ်၊ ကျားဖြန့် လုပ်မယ့်ကောင်ရှိမယ်၊ ရိုးရိုးသားသား ပြည်သူလူထုကတော့ မရှိနိုင်ဘူး။ အဲဒီဘက်မှာ ရိုးသားတဲ့ ကောင်က ဒီဘက်ကို လာကပ်တာပဲ။ ကျနော်တို့ဘက်ကို ရောက်လာတာ အဲဒီစစ်ဘေးဒုက္ခသည် နည်းတာမဟုတ် ဘူး။ ဘာလို့ဆိုတော့ ဒီကောင်တွေနဲ့ ကျနော်တို့က ညှိစရာအကြောင်း ညှိလာတာ မျိုးဆက်သုံးဆက်ရှိသွားပြီ၊ အခု ထိ ညှိလို့မရဘူး၊ ညှိမယ့်နည်းလမ်းကို ကျနော့် အနေနဲ့တော့ မထူးတော့ဘူး၊ ဒါပေမယ့် ညှိတော့မယ်ဆိုရင်လည်း Time Frame ပေးပြီးညှိပါလို့ အဲဒီလို အကြံပေးမှာပေါ့ဗျာ။ တကယ်သွားညှိမယ့် လူတွေကို။ အီးယောအီးယော ဆိုလို့ကတော့ ပိုပြီးတော့ အင်အား တိုးပွားလာတာက လွဲပြီးတော့ သူက အကျိုးမရှိဘူး နိုင်ငံတော်အတွက်”ဟု ပြောသည်။
မြန်မာနိုင်ငံကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်အရ တည်ထောင်ခဲ့သည်မှာ (၇၉)နှစ် ပြည့်ပြီးခဲ့ပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခမှာ ချုပ်ငြိမ်းနိုင်ခြင်း မရှိသေးဘဲ ပိုမို ပြင်းထန်စွာ ဖြစ်ပွားနေသည်။
ထို့နောက် တချို့သော လက်နက်ကိုင်များက ဖက်ဒရယ်ထက် ကျော်လွန် စဉ်းစားလာသလို တချို့က ခွဲထွက်ရေး အထိ စဉ်းစားချက်များပင် ရှိလာနေကြသည်။
