CNI International News

တီဟီရန်၊ မတ်လ ၁၉

အစ္စရေး၊ အမေရိကန်နှင့် စစ်ပွဲဖြစ်ပွားနေသည့် အီရန်သည် ပင်လယ်ကွေ့အာရပ်နိုင်ငံ အချို့ကို ဒုံးကျည်များ၊ ဒရုန်း များဖြင့် ဆက်လက် ပစ်ခတ်နေသဖြင့် အရှေ့အလယ်ပိုင်း ဒေသတစ်ခွင်တွင် သေဆုံးမှုများ၊ ပျက်စီးမှုများ၊ လုပ်ကြံ သတ်ဖြတ်မှုများ ပြည့်နှက်နေသည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ထို့ပြင် အီရန်ပဋိပက္ခသည် အရှေ့အလယ်ပိုင်းဒေသကို ကျော်လွှန်ပြီး စွမ်းအင် အကျပ်အတည်းကို ဖြစ်စေခဲ့သည်။

မတ်လ ၁၇ ရက် အစောပိုင်းတွင် ကာတာ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ချက်အရ ကာတာစစ်တပ် သည် ကာတာနိုင်ငံအတွင်း ဝင်ရောက်လာသည့် ဒုံးကျည်တစ်စင်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

ကူဝိတ်အမျိုးသားအစောင့်တပ်ဖွဲ့ကလည်း နံနက် အရုဏ်တက်ချိန်တွင် ဒရုန်းတစ်စင်းကို ပစ်ချနိုင်ခဲ့ပြီး ကူဝိတ် စစ်တပ်ကမူ အရုဏ်တက်ချိန်မတိုင်မီ ဒုံးကျည်တစ်စင်းနှင့် ဒရုန်း တိုက်ခိုက်မှုများကို ကြားဖြတ် ပစ်ချနိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ယူအေအီး၊ ဆော်ဒီနှင့် ဘာရိန်းနိုင်ငံတို့ကလည်း ထိုအချိန်နှင့် မရှေးမနှောင်းမှာပင် ဒရုန်းများ၊ ဒုံးကျည်များကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ယူအေအီးနိုင်ငံသည် အီရန်၏ တုန့်ပြန်တိုက်ခိုက်မှုများကို အပြင်းထန်ဆုံး ရင်ဆိုင်နေရပြီး ပင်လယ်ကွေ့နိုင်ငံများ ကို တိုက်ခိုက်ခဲ့သည့် အီရန်ဒုံးကျည် အစင်းပေါင်း ၃၀၀၀ ကျော်အနက် ထက်ဝက်ခန့်သည် ယူအေအီးနိုင်ငံကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ဒူဘိုင်းမြို့ရှိ အယ်လ်ဂျာဇီးယား သတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။

မြို့ထဲ ဒုံးကျည်ကျရောက် ပေါက်ကွဲစဉ်

 ကောင်းကင်ယံတွင် ဒုံးကျည်များနှင့် ဒုံးကျည် ကာကွယ်ရေးစနစ်မှ ကြားဖြတ်ပစ်ချသည့် ဒုံးကျည်များ၏ ထိမှန် ပေါက်ကွဲသံများသည် ပုံမှန်အခြေအနေ တစ်ခုကဲ့သို့ ဖြစ်လာကြောင်း ၎င်းက ဆိုသည်။

“ညဘက်တွေဆိုရင် ကောင်းကင်မှာ ဒုံးခွင်းဒုံးတွေနဲ့ ကြားဖြတ်ပစ်ချတဲ့ ပေါက်ကွဲသံတွေဟာ ကြားရတာများတော့ နားယဉ်သလို ဖြစ်လာပါပြီ။ ဒူဘိုင်းမှတင် မဟုတ်ဘဲ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ မြို့တိုင်းလိုလိုမှာ ဒုံးကျည်တွေနဲ့ ပေါက်ကွဲသံတွေကို မြင်တွေ့ကြားသိနေရပါတယ်” ဟု အယ်လ်ဂျာဇီးယား သတင်းထောက်က ပြောကြားခဲ့သည်။

အီရန်၏ တိုက်ခိုက်မှုများကြောင့် ပင်လယ်ကွေ့ဒေသတွင် စွမ်းအင်ထုတ်လုပ်မှုနှင့် ခရီးသွားကဏ္ဍ ထိခိုက်ခဲ့ရကာ ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၁ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် ပင်လယ်ကွေ့ စစ်ပွဲကာလအပြီး ကမ္ဘာ့စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်မည့် စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။

Source: အယ်လ်ဂျာဇီးယား