CNI International News
ဝါရှင်တန်၊ မတ်လ ၃၀
ယီမင်နိုင်ငံရှိ အီရန်ကျောထောက်နောက်ခံပြု ဟူရ်သီသူပုန်များသည် မတ်လ ၂၈ ရက်က အစ္စရေးကို ပထမဆုံး အကြိမ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အရှေ့အလယ်ပိုင်းစစ်ပွဲအတွင်း ပါဝင်လာခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။
အမေရိကန် မရိန်းတပ်ဖွဲ့များကလည်း အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိလာသောကြောင့် စစ်ဘောင်ကျယ် လာမည့် အန္တရာယ်မှာ ပိုမိုမြင့်တက်လာခဲ့သည်။
အမေရိကန်သည် တစ်လခန့် ကြာမြင့်နေပြီဖြစ်သော ထိုစစ်ပွဲအတွင်းသို့ မရိန်းတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို စေလွှတ်ထားကာ တပ်ဖွဲ့ခွဲ နှစ်ခုအနက် ပထမတပ်ဖွဲ့သည် ကမ်းတက်တိုက်ခိုက်ရေးသင်္ဘောဖြင့် မတ်လ ၂၇ ရက် တွင် ရောက်ရှိလာခဲ့ကြောင်း အမေရိကန်စစ်တပ်က မတ်လ ၂၈ ရက်၌ ထုတ်ပြန်ခဲ့သည်။
အမေရိကန်၏ ပင်တဂွန်စစ်ဌာနချုပ် အနေဖြင့် အီရန်နိုင်ငံအတွင်း သီတင်းပတ်များစွာ ကြာမြင့်မည့် မြေပြင် စစ်ဆင်ရေးများအတွက် ပြင်ဆင်နေကြောင်း၊ ထိုစစ်ဆင်ရေးတွင် အထူးတပ်ဖွဲ့များနှင့် ပုံမှန်ခြေလျင်တပ်ရင်းများ ပါဝင်သည့် စီးနင်းတိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်ခြေရှိကြောင်း အမေရိကန်အရာရှိများကို ကိုးကား၍ ဝါရှင်တန်ပို့စ် သတင်းစာက မတ်လ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်မရိန်းတပ်ဖွဲ့ကို တွေ့ရစဉ်
သို့သော် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အနေဖြင့် မြေပြင်တပ်ဖွဲ့များ စေလွှတ်မည့် စီမံချက်များကို အတည်ပြုခြင်း ရှိ၊မရှိ မသေချာသေးကြောင်း ဝါရှင်တန်ပို့စ်က ဆက်လက် ဖော်ပြထားသည်။
ရိုက်တာသတင်းဌာနကလည်း ပင်တဂွန်စစ်ဌာနချုပ်သည် အီရန်နိုင်ငံအတွင်း မြေပြင်တပ်ဖွဲ့များ စေလွှတ်ခြင်း အပါအဝင် စစ်ဆင်ရေးများ ပြုလုပ်ရန် စဉ်းစားသုံးသပ်နေကြောင်း ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စတင်ခဲ့သည့် အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားနေသည့် စစ်ပွဲသည် အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးသို့ ကူးစက်ပြန့်နှံ့သွားခဲ့ပြီး လူပေါင်းထောင်ချီ သေဆုံးခဲ့ရသည်။
ထို့ပြင် ကမ္ဘာ့စွမ်းအင် ထောက်ပံ့မှု ကွင်းဆက်ကို ပြတ်တောက်သွားစေခဲ့ပြီး ကမ္ဘာ့စီးပွားရေးကိုပါ ပြင်းထန်စွာ ရိုက်ခတ်နေသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) ကမူ အမေရိကန်အနေဖြင့် မြေပြင်တပ်ဖွဲ့များ အသုံးမပြုဘဲ မိမိတို့၏ ရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်သော်လည်း၊ သမ္မတ ထရမ့် အနေဖြင့် စစ်ဗျူဟာကို လိုအပ်သလို အခြေအနေအရ ပြောင်းလဲနိုင်ရန် အချို့သော တပ်ဖွဲ့များကို ဒေသတွင်းသို့ စေလွှတ်ထားခြင်းဖြစ်ကြောင်း မတ်လ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ထို့ပြင် ပင်တဂွန်စစ်ဌာနချုပ်သည် အမေရိကန် ကြည်းတပ်၏ အမှတ် ၈၂ လေကြောင်းချီ တပ်မမှ ထောင်နှင့်ချီ သည့် စစ်သားများကိုလည်း စေလွှတ်ဖွယ်ရှိနေသည်။
အမေရိကန်နှင့် အီရန်ကြား ကြားဝင်စေ့စပ်ပေးမည့် ပါကစ္စတန်သည် ဒေသတွင်း တင်းမာမှုများကို လျှော့ချနိုင်မည့် နည်းလမ်းများ ရှာဖွေရန်အတွက် ဆော်ဒီ၊ တူရကီနှင့် အီဂျစ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။
Source: ရိုက်တာ
