CNI International News

ဒူဘိုင်၊ မတ်လ ၇

အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ဘေးကင်းလုံခြုံသည့် နေရာဟု ကြေညာ ထားသော ပင်လယ်ကွေ့ဒေသ၏ ဂုဏ်သတင်းကို မှေးမှိန်စေပြီး ရင်းနှီးမြှုပ်နှံသူများကို ထိတ်လန့်စေခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

လက်ရှိ ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ချမ်းသာကြွယ်ဝသော အာရှနိုင်ငံသားများသည် ဒူဘိုင်းတွင် ရင်းနှီး မြှုပ်နှံထားသော ၎င်းတို့၏ ပိုင်ဆိုင်မှုများကို စင်္ကာပူနှင့် ဟောင်ကောင်ကဲ့သို့ ဒေသတွင်း ဘဏ္ဍာရေး ဗဟိုချက်များ သို့ ရွှေ့ပြောင်းရန် ကြိုးပမ်းလာကြကြောင်း စက်မှုကဏ္ဍ အကြံပေးများနှင့် ရှေ့နေများက ပြောကြားခဲ့သည်။

ချမ်းသာကြွယ်ဝသူများသည် ပုံမှန်အားဖြင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ဒေသအသီးသီးနှင့် စီးပွားရေး လုပ်ငန်း အသီးသီးတွင် ခွဲဝေပြီး ရင်းနှီးမြှုပ်နှံလေ့ရှိသော်လည်း  အခွန်စနစ်၊ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်း လည်ပတ် မှုဆိုင်ရာ အချက်များအပေါ် မူတည်ပြီး ရွေးချယ်ကြခြင်းဖြစ်သည်။

ယခင်နှစ်များအတွင်း ဒူဘိုင်းသည် တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များနှင့် ချမ်းသာသော မိသားစုများအတွက် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ဗဟိုချက် တစ်ခုဖြစ်ခဲ့သည်။

ထို့ပြင် အိမ်ခြံမြေနှင့် အခြေခံ အဆောက်အအုံ ကဏ္ဍများ အရှိန်အဟုန်ဖြင့် တိုးတက်လာမှုနှင့်အတူ ပင်လယ်ကွေ့ ဒေသသည် အဓိက ရင်းနှီးမြှုပ်နှံရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။

ဒူဘိုင်းကိုတွေ့ရစဉ်

ယူအေအီး ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ ၎င်းတို့၏ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးကဏ္ဍရှိ စုစုပေါင်း ပိုင်ဆိုင်မှုသည် ဒီရမ် ၅ ဒသမ ၄၂ ထရီလျံ (ဒေါ်လာ ၁ ဒသမ ၄၈ ထရီလျံ) ထက် ကျော်လွန်ခဲ့သည်။

သို့သော် လက်ရှိတွင် ဒူဘိုင်းနှင့် အဘူဒါဘီမြို့များအပေါ် တိုက်ခိုက်မှုများကြောင့် ယူအေအီးနိုင်ငံ၏ ဘေးကင်းလုံ ခြုံမှု၊ တည်ငြိမ်မှု ဂုဏ်သတင်းအပေါ် သံသယများ ဖြစ်ပေါ်စေခဲ့ပြီ ရင်းနှီးမြှုပ်နှံမှု အလားအလာအပေါ် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။

စင်္ကာပူအခြေစိုက် ပုဂ္ဂလိက ပိုင်ဆိုင်မှု စီမံခန့်ခွဲမှုဆိုင်ရာ ရှေ့နေ ရိုင်ယန်လင် (Ryan Lin) က ၎င်း၏ ဒူဘိုင်း အခြေစိုက် ဖောက်သည် (client) ၂၀ ဦးအနက် ၆ ဦး သို့မဟုတ် ၇ ဦးခန့်သည် ယခုသီတင်းပတ်အတွင်း ၎င်းအား ဆက်သွယ်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

ဖောက်သည် တစ်ဦးစီသည် ပျမ်းမျှအားဖြင့် ဒေါ်လာ သန်း ၅၀ ခန့်စီ ပိုင်ဆိုင်ကြပြီး ၎င်းတို့အနက် ၃ ဦးသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို စင်္ကာပူသို့ ချက်ချင်းရွှေ့ပြောင်းရန် စီစဉ်နေကြပြီဖြစ်ကြောင်း လင်က ပြောသည်။

အမည်မဖော်လိုသည့် စင်္ကာပူအခြေစိုက် ပိုင်ဆိုင်မှုစီမံခန့်ခွဲရေး အကြံပေးပုဂ္ဂိုလ် တစ်ဦးကလည်း သူသည် ယူအေအီးအခြေစိုက် ဖောက်သည် ၁၃ ဦးနှင့် စကားပြောဆိုခဲ့ပြီး ၎င်းတို့အနက် ထက်ဝက်ကျော်သည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို စင်္ကာပူသို့ ရွှေ့ပြောင်းရန် စဉ်းစားနေကြကြောင်း ပြောကြားခဲ့သည်။

“ပဋိပက္ခက ချက်ချင်း ပြီးဆုံးသွားမယ်ဆိုရင်တောင်မှ ဒူဘိုင်းနဲ့ စင်္ကာပူကြား လေယာဉ်နဲ့ ပျံသန်းသွားလာဖို့ဆိုတာ စိန်ခေါ်မှုတစ်ခု ဖြစ်နေဦးမှာပါ။ ဒါဟာ ဘေးကင်းလုံခြံမှုနဲ့ဆိုင်တဲ့ ကိစ္စပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

Source: ရိုက်တာ