CNI International News
ဘေဂျင်း၊ မေလ ၂၃
အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် ထိခိုက်ခဲ့ရသည့် အဖွဲ့ဝင်နိုင်ငံများကို ကူညီပံ့ပိုးပေးရန်အတွက် ဒေါ်လာ ၁၀ ဘီလျံတန်ဖိုးရှိ ရန်ပုံငွေ အစီအစဉ်သစ် တစ်ခုကို စတင်လိုက်ကြောင်း တရုတ်နိုင်ငံ၏ အာရှအခြေခံ အဆောက် အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) က မေလ ၂၁ ရက်တွင် ကြေညာခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
“စွမ်းအင်၊ စားနပ်ရိက္ခာ ဖူလုံရေးနှင့် စီးပွားရေး ကြံ့ကြံ့ခံနိုင်မှုဆိုင်ရာ ရန်ပုံငွေအစီအစဉ်” ဟု အမည်ပေးထားသည့် ထိုအစီအစဉ်သည် ဘဏ်၏ လက်ရှိ ဘဏ္ဍာရေးဆိုင်ရာ ကူညီထောက်ပံ့မှု ပုံစံများနှင့်အတူ ပူးတွဲတည်ရှိမည် ဖြစ်သည်။
ထို့ပြင် အဖွဲ့ဝင်နိုင်ငံများအတွက် စွမ်းအင်လုံခြုံရေး၊ စားနပ်ရိက္ခာ ဖူလုံရေးနှင့် စီးပွားရေး ကြံ့ကြံ့ခံနိုင်မှုတို့နှင့် ပတ်သက်၍ အရေးတကြီး လိုအပ်ချက်များကို ဖြေရှင်းနိုင်ရန် ၂ နှစ်တာ ကာလအတွင်း စုစုပေါင်း ဒေါ်လာ ၁၀ ဘီလျံအထိ ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း AIIB က ထုတ်ပြန်ထားသည်။
“ဒီအစီအစဉ်ဟာ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ပြင်ပက ရိုက်ခတ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ သက်ရောက်မှုတွေကို ဖြေရှင်းနိုင်စေမှာဖြစ်သလို ရေရှည်မှာ ကြံ့ကြံ့ခံနိုင်ရည် ရှိမှုကိုလည်း အားကောင်း စေမှာ ဖြစ်ပါတယ်” ဟု AIIB ဥက္ကဋ္ဌ ကျိုးကျားယီ (Zou Jiayi) က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ထိုရန်ပုံငွေ အစီအစဉ်သည် လျင်မြန်စွာ ထုတ်ပေးနိုင်မည့် ဘတ်ဂျက်ပံ့ပိုးမှုများ၊ အရေးကြီး လိုအပ်သည့် သွင်းကုန် များအတွက် ဘဏ္ဍာရေးဆိုင်ရာ ကူညီမှုများနှင့် ပဋိပက္ခ၏ ရိုက်ခတ်မှုကို ခံခဲ့ရသော အဖွဲ့ဝင်နိုင်ငံများအတွက် ငွေကြေးဆိုင်ရာ ပံ့ပိုးမှုများမှတဆင့် အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း AIIB က ပြောကြားခဲ့သည်။

အမေရိကန်က အီရန်နိုင်ငံထဲ ဗုံးကြဲချစဉ်
ထို့ပြင် ယခုရန်ပုံငွေ အစီအစဉ်သည် အစိုးရ၏ တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်များကို ပံ့ပိုးပေးနိုင်ပြီး၊ ပဋိပက္ခ၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများကြားတွင် နိုင်ငံများ၏ စီးပွားရေး ကြံ့ကြံ့ခံနိုင်မှုကို မြှင့်တင်ပေးရန် ကူညီပေးနိုင် သည်။
တစ်ချိန်တည်းမှာပင် အခြေခံ အဆောက်အအုံဆိုင်ရာ ကုမ္ပဏီများနှင့် ဘဏ္ဍာရေးဆိုင်ရာ ကြားခံ အဖွဲ့အစည်း များသည် ရေတို လုပ်ငန်း လည်ပတ်မှု အရင်းအနှီးနှင့် လုပ်ငန်းစဉ် အဆက်မပြတ် လည်ပတ်နိုင်ရေး လိုအပ်ချက် များအတွက် ထိုရန်ပုံငွေကို ရယူအသုံးချနိုင်မည် ဖြစ်သည်။
မေလ ၂၁ ရက်က ဘဏ်မှ ထုတ်ပြန်ခဲ့သော အစီအရင်ခံစာအရ အာရှ၊ ဥရောပ၊ အာဖရိကနှင့် အမေရိကတိုက်များ အထိ ကျယ်ပြန့်သော AIIB ၏ အတည်ပြုပြီးသား အဖွဲ့ဝင် ၁၁၁ နိုင်ငံအနက် နိုင်ငံအများစုမှာ အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် စွမ်းအင်၊ ရိက္ခာနှင့် ကုန်ကြမ်းပစ္စည်း ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြထားသည်။
အကယ်၍ အရှေ့အလယ်ပိုင်း ပဋိပက္ခသာ ရေရှည်ကြန့်ကြာသွားမည်ဆိုပါက ဖွံ့ဖြိုးဆဲ အာရှဒေသ၏ ဂျီဒီပီမှာ ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်အတွင်း ၁ ဒသမ ၃ ရာခိုင်နှုန်းခန့် ကျဆင်းသွားနိုင်ပြီး၊ ငွေကြေးဖောင်းပွမှု နှုန်းမှာမူ ၃ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Source: South China Morning Post
