CNI International News

ဟာဗားနား၊ မေလ ၂၃

ကျူးဘား သမ္မတဟောင်း ရာအူးလ် ကက်စထရို (Raúl Castro) သည် သမ္မတရာထူးမှ ဆင်းပြီးနောက်ပိုင်း လူမြင်ကွင်းသို့ ထွက်ပေါ်ခြင်းမရှိခဲ့ဘဲ သီးသန့် လျှို့ဝှက်စွာ နေထိုင်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ကက်စထရိုကို လူမြင်ကွင်းတွင် နောက်ဆုံး မြင်တွေ့ခဲ့ရသည့် အချိန်သည် မေလ ၁ ရက်က ဟာဗားနား(Havana) မြို့တော်၌ ပြုလုပ်ခဲ့သည့် အလုပ်သမားနေ့ လူထုစုဝေးပွဲမှာ ဖြစ်သည်။

အသက် ၉၄ နှစ် အရွယ်ရှိပြီဖြစ်သော ကက်စထရိုသည် ထိုပွဲ အခမ်းအနား မစတင်မီ စူးရှလှသော နေရောင်ခြည် အောက်တွင် တုန်လှုပ်ခြင်းမရှိဘဲ ခန့်ညားစွာ မတ်တပ်ရပ်နေခဲ့သည်။

ကျူးဘားနိုင်ငံကို တွေ့ရစဉ်

၎င်း၏ အနီးနားတွင်ရှိသော လူအချို့သည် ပူပြင်းလှသည့် နေရောင်ခြည်ကြောင့် မူးလဲသွားကြသည့်တိုင် အသက် ၉၀ ကျော် ကက်စရိုသည် မာန်အပြည့်ဖြင့် မတ်တပ်ရပ်နိုင်ခဲ့သည်။

ကက်စရို၏ နောက်ဘက်တွင်မူ ၎င်း၏ မြေးဖြစ်သူ ရာအူးလ် ဂီလာမို ရိုဒရီဂွက်ဇ် ကက်စထရို (Raúl Guillermo Rodríguez Castro) ဦးဆောင်သည့် လုံခြုံရေးအဖွဲ့က စောင့်ကြပ်ခဲ့သည်။

ထိုပွဲ အခမ်းအနားသည် ကျူးဘား တော်လှန်ရေး ခေတ်ကာလက နောက်ဆုံး ကျန်ရစ်သူ ကက်စထရို ညီအစ်ကို ထဲမှ ညီဖြစ်သူ၏ ရှားရှားပါးပါး လူထုရှေ့မှောက် ထွက်ပေါ်လာမှုလည်း ဖြစ်သည်။

ကက်စထရိုသည် အစိုးရအဖွဲ့အပေါ် ဩဇာညောင်းနေဆဲဖြစ်သည်ဟု ယုံကြည်ရပြီး ဗိုလ်ချုပ်ကြီးရာထူးက ရယူ ထားဆဲဖြစ်သော်လည်း လူအများကြားတွင် ပေါ်ပေါ်ထင်ထင် နေလေ့မရှိဘဲ လျှို့ဝှက်စွာ နေထိုင်လေ့ရှိသည်။

၁၉၅၃ ခုနှစ်၊ ဇူလိုင်လက ကက်စထရိုသည် စစ်စခန်းတစ်ခုကို ဝင်ရောက်စီးနင်းရန် ကြိုးပမ်းမှုသည် မအောင်မြင် ခဲ့ဘဲ၊ လက်နက်ကိုင်ပုန်ကန်မှု စွပ်စွဲချက်ဖြင့် ကျူးဘားနိုင်ငံ၌ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ကက်စထရို ပုံရိပ်များကို ပြသထားစဉ်

ထို့နောက် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ရသော်လည်း နိုင်ငံရေးအရ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂ နှစ် အကြာတွင် ပြန်လည် လွတ်မြောက်လာခဲ့ပြီးနောက် မက္ကဆီကိုနိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီး တော်လှန်ရေး ဆက်လုပ် ခဲ့သည်။

ကက်စထရိုသည် ၁၉၆၀ ပြည့်လွန် နှစ်များအတွင်း ပြောက်ကျားရဲဘော် တစ်ဦးဖြစ်သူ ဗီလ်မာ အက်စပင်း (Vilma Espín) နှင့် အိမ်ထောင်ပြုခဲ့ပြီး ၎င်းတို့ ဇနီးမောင်နှံတွင် သားသမီး ၄ ဦး ထွန်းကားခဲ့သည်။

ကက်စထရိုသည် မိသားစုကို တန်ဖိုးထားသူ တစ်ဦးအဖြစ် သတ်မှတ်ကြပြီး ဟာဗားနားမြို့၏ အနောက်ဘက် ပိုင်းတွင် နေထိုင်လျက် ရှိသည်။

Source: အေပီ