CNI International News
ဝါရှင်တန်၊ မတ်လ ၂၆
ကျူးဘားနိုင်ငံ၏ ခေါင်းဆောင်မှုပိုင်းကို အပြောင်းအလဲလုပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဖိအားပေးနေသဖြင့် လက်ရှိ ကျူးဘားသမ္မတ မီဂွယ် ဒီယက်စ် ကာနယ် (Miguel Díaz-Canel) ၏ နေရာကို မည်သူက အစားထိုး ဝင်ရောက်လာနိုင်မလဲဆိုသည့် ခန့်မှန်းချက်များ ထွက်ပေါ်လာသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
၂၀၁၈ ခုနှစ်တွင် ရာအူးလ် ကတ်စထရို (Raúl Castro) ကိုယ်တိုင် သမ္မတနေရာအတွက် ရွေးချယ်ခဲ့သည့် ဒီယက်စ် ကာနယ်သည် ၁၉၅၉ တော်လှန်ရေးနောက်ပိုင်း ကျူးဘားကို အုပ်ချုပ်ခဲ့သော ခေါင်းဆောင်များထဲ၌ ကတ်စထရို မျိုးရိုးအမည် မဟုတ်သော ပထမဆုံးပုဂ္ဂိုလ် ဖြစ်သည်။
ဒီယက်စ် ကာနယ်၏ သက်တမ်းမှာ နောက်ထပ် ၂ နှစ် ကျန်ရှိနေသေးသော်လည်း ကျူးဘားပြည်သူများနှင့် ကျွမ်းကျင်သူများကမူ ၎င်းအနေဖြင့် သက်တမ်း ကုန်ဆုံးသည်အထိ ရာထူးကို ဆက်ထိန်းထားနိုင်ခြေ ရှိ/မရှိ သံသယဖြစ်နေကြသည်။
လက်ရှိတွင် ကျူးဘားအစိုးရအတွင်း အာဏာအပြောင်းအလဲအတွက် ရေပန်းစားနေသည့် ကတ်စထရို မျိုးနွယ်စုဝင် ဝမ်းကွဲညီအစ်ကို နှစ်ဦးရှိနေသည်။
၎င်းတို့အနေက် တစ်ဦးမှာ သမ္မတဟောင်း ရာအူးလ် ကတ်စထရို၏ တူတော်စပ်သူ အော်စကာ ပီရက်ဇ်-အိုလီဗာ ဖရာဂါ (Oscar Pérez-Oliva Fraga) ဖြစ်သည်။

ကျူးဘားသမ္မတ မီဂွယ် ဒီယက်စ် ကာနယ်ကို တွေ့ရစဉ်
အသက် ၅၅ နှစ်အရွယ်ရှိ အော်စကာသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း နိုင်ငံရေးလောကတွင် လျင်မြန်စွာ ဩဇာထူထောင်နိုင်ခဲ့သူဖြစ်သည်။
အော်စကာသည် ၂၀၂၄ ခုနှစ်၊ မေလက ကျူးဘားနိုင်ငံ၏ ဩဇာအာဏာ ကြီးမားသော နိုင်ငံခြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန (MINCEX) တွင် ဝန်ကြီးအဖြစ် စတင်ခန့်အပ်ခံရပြီး ထိုနှစ် အောက်တိုဘာလ၌ ဒုတိယ ဝန်ကြီးချုပ် ရာထူးကိုပါ ရရှိခဲ့သည်။
နောက်တစ်ဦးမှာ ရာအူးလ် ကတ်စထရို၏ မြေးဖြစ်သူ ရာအူးလ် ဂီလာမို ရိုဒရီဂွက်ဇ် ကတ်စထရို (Raúl Guillermo Rodríguez Castro) ဖြစ်ပြီး သူသည် အစိုးရအဖွဲ့အတွင်း တစ်ခါမျှ ပါဝင်ခဲ့ဖူးခြင်း မရှိသေးပေ။
သူသည် အဖိုးဖြစ်သူ ရာအူးလ် ကက်စထရို၏ သက်တော်စောင့်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်၏ Secret Service နှင့် တူညီသော ကျူးဘားအဆင့်မြင့် လုံခြုံရေးတပ်ဖွဲ့၏ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သည်။
လက်ရှိတွင် အမေရိကန်၏ ဖိအားကြောင့် ဒီယက်စ် ကာနယ်၏ သမ္မတနေရာကို ဆက်ခံရန် ရေပန်းစားနေသူ နှစ်ဦးမှာ အထက်ဖော်ပြပါ ကက်စထရို ညီနောင်နှစ်ဦးထဲမှ တစ်ဦး ဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။
Source: အေပီ
