CNI International News

နယူးဒေလီ၊ မတ်လ ၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် မတ်လ ၂၄ ရက်တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) ထံသို့ ဖုန်းဆက်သွယ်ပြီး အနောက်အာရှ (အရှေ့အလယ်ပိုင်း) ပဋိပက္ခ အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း Indian Express မှ ဖော်ပြခဲ့သည်။

အထူးသဖြင့် ကမ္ဘာ့ရေနံ သယ်ယူပို့ဆောင်ရေးတွင် အချက်အချာကျသော ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကို ဆက်ဖွင့်ထားရန် အရေးကြီးပုံကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ယခုအကြိမ် သည် ထရမ့်နှင့် မိုဒီတို့အကြား ပထမဆုံးအကြိမ် ဖုန်းဖြင့် ဆက်သွယ် စကားပြောဆိုခြင်း ဖြစ်သည်။

“သမ္မတ ထရမ့်ဆီက ဖုန်းလက်ခံ ရရှိခဲ့ပြီး အနောက်အာရှ အခြေအနေတွေအပေါ်  အမြင်ချင်း ဖလှယ်ခဲ့ပါတယ်။ အိန္ဒိယအနေနဲ့ တင်းမာမှုတွေ လျော့ကျရေးနဲ့ ငြိမ်းချမ်းရေး အမြန်ဆုံး ပြန်လည်ဖော်ဆောင်ရေးကို ထောက်ခံပါ တယ်။ ဟော်မုဇ် ရေလက်ကြားကို ပွင့်လင်းပြီး လုံခြုံစိတ်ချရတဲ့၊ သွားလာရလွယ်ကူတဲ့ လမ်းကြောင်း တစ်ခုအဖြစ် ရှိနေစေဖို့ သေချာအောင် လုပ်ဆောင်ခြင်းဟာ တစ်ကမ္ဘာလုံးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ကြိုးပမ်းမှုတွေအတွက် ကျနော်တို့ အစဉ်တစိုက် ဆက်သွယ် ဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြ ပါတယ်” ဟု မိုဒီက X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်

သမ္မတထရမ့်နှင့် ဝန်ကြီးချုပ်မိုဒီ တို့၏ ဆွေးနွေးမှုသည် လက်ရှိ အရှေ့အလယ်ပိုင်း ပဋိပက္ခတွင် အလွန်အရေး ပါသည့် ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအပေါ် အဓိက အာရုံစိုက်ထားကြောင်း သိသာထင်ရှားနေသည်ဟု အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆာဂျီယို ဂေါ (Sergio Gor) က ပြောကြားခဲ့သည်။

ဟော်မုဇ်ရေလက်ကြားကို ဖွင့်ထားရန် အလေးပေး ပြောဆိုခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ထောက်ပံ့မှု ကွင်းဆက် ပြတ်တောက်သွားမည်ကို အမေရိကန်နှင့် အိန္ဒိယတို့ မည်မျှအထိ စိုးရိမ်နေကြကြောင်း ပြသနေခြင်း ဖြစ်သည်။

ဟော်မုဇ် ရေလက်ကြားသည် ကမ္ဘာ့စွမ်းအင် ထောက်ပံ့မှု စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းခန့်နှင့် ကာတာနိုင်ငံမှ ထွက်ရှိ သော သဘာဝဓာတ်ငွေ့အများစုကို သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ အဓိကလမ်းကြောင်းဖြစ်သည်။

လက်ရှိတွင် ထိုရေလက်ကြား ပိတ်ဆို့မှုကြောင့် ကာတာ၊ ယူအေအီးနှင့် ကူဝိတ်နိုင်ငံတို့သည် ဆိုးရွားစွာ ထိခိုက် နေရပြီး ကမ္ဘာတစ်ဝန်း၌ ရေနံနှင့် ဓာတ်ငွေ့စျေးနှုန်းများ အဆမတန် မြင့်တက်လာကာ အိန္ဒိယနှင့် အခြားနိုင်ငံ များတွင် အိမ်သုံးဂက်စ်များ ပြတ်လပ်ခဲ့ရသည်။

ထရမ့်နှင့် မိုဒီတို့ ဖုန်းဖြင့် မဆွေးနွေးမီ တစ်ရက်အလိုတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာ (S. Jaishankar) နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) တို့သည် အီရန်စစ်ပွဲ စတင် ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြသည်။

“ကျနော်တို့ရဲ့ ဆွေးနွေးမှုတွေဟာ အရှေ့အလယ်ပိုင်းပဋိပက္ခနဲ့ အဲဒီပဋိပက္ခက နိုင်ငံတကာ စီးပွားရေးအပေါ် ရိုက်ခတ်မှုတွေအကြောင်းကို အဓိကထားခဲ့ပါတယ်။ အထူးသဖြင့် စွမ်းအင်လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်ပြီးတော့လည်း အမြဲမပြတ် ဆက်သွယ် ဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြပါတယ်” ဟု ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။

Source: Indian Express