CNI International News

တဲလ်အဗစ်၊ ဖေဖော်ဝါရီ ၁၁

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu)သည် အီရန်နှင့် အမေရိကန်ကြား နျူကလီးယား ဆွေးနွေးပွဲများနှင့်ပတ်သက်ပြီး ဆွေးနွေးမည့် အကြောင်းအရာများကို ချဲ့ထွင်ရန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)အား အားပေးလှုံ့ဆော်ဖွယ်ရှိကြောင်း အေပီမှ ဖော်ပြခဲ့သည်။

နေတန်ယာဟုသည် ဝါရှင်တန်သို့ သွားရောက်မည့် ခရီးစဉ်အတွင်း ထရမ့်နှင့်တွေ့ဆုံကာ အီရန်အရေးကို အဓိက ထားပြီး ဆွေးနွေးမည်ဖြစ်သည်။

အမေရိကန်သည်၏ အရှေ့အလယ်ပိုင်းဒေသတွင် စစ်အင်အား တိုးမြှင့်ချထားမှုနှင့်အတူ အီရန်နှင့် အမေရိကန် ကြား နျူကလီးယား ဆွေးနွေးပွဲများကို ပြီးခဲ့သည့် သီတင်းပတ်က ပြန်လည် စတင်ခဲ့ခြင်း ဖြစ်သည်။

အီရန်အနေဖြင့် ယူရေနီယမ် သန့်စင်မှုအားလုံးကို ရပ်တန့်ရန်၊ ပဲ့ထိန်းဒုံးကျည် စီမံကိန်းကို အရှိန်လျှော့ချရန်နှင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့များနှင့် ဆက်ဆံရေး ဖြတ်တောက်ရန် အစ္စရေးက ယခင်ကတည်းက တောင်းဆိုခဲ့ သည်။

အီရန်ကမူ ၎င်းတို့အပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများ ဖြေလျှော့ပေးမှသာ နျူကလီးယား စီမံကိန်းတွင် ကန့်သတ်ချက်အချို့ကို လက်ခံမည်ဟုဆိုကာ ထိုတောင်းဆိုချက်များကို ငြင်းပယ်ခဲ့သည်။

ပြီးခဲ့သည့်လက အီရန်တွင် ဖြစ်ပွားခဲ့သော လူထုဆန္ဒပြပွဲများကို အင်အားသုံး နှိမ်နင်းခဲ့မှုနှင့် အမေရိကန်၏ စစ်အင်အား ဖြန့်ကြက်ချထားမှုများကြောင့် အီရန်ခေါင်းဆောင်များ အနေဖြင့် အလျှော့ပေး ဆွေးနွေးမည် ဟုတ်၊ မဟုတ်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ထရမ့်၏ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) နှင့် ထရမ့်၏ သားမက်ဖြစ်သူ အရှေ့အလယ်ပိုင်း ဆိုင်ရာအကြံပေး ဂျရတ် ကုရှ်နာ (Jared Kushner) တို့သည် ဂျေရုဆလင်မြို့တော်တွင် နေတန်ယာဟုနှင့် လာရောက် တွေ့ဆုံခဲ့ပြီး သီတင်းနှစ်ပတ်အကြာ၌ နေတန်ယာဟု၏ အမေရိကန်ခရီးစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဝစ်ကော့ဖ်နှင့် ကုရှ်နာတို့သည် ဖေဖော်ဝါရီ ၆ ရက်က အိုမန်နိုင်ငံတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရက်ချီ (Abbas Araghchi) နှင့် တိုက်ရိုက် ဆွေးနွေးခဲ့ခြင်း မဟုတ်ဘဲ အိုမန်နိုင်ငံခြားရေးဝန်ကြီးကို ကြားခံပြီး သွယ်ဝိုက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

“ဘယ်ဆွေးနွေးပွဲမဆို ပဲ့ထိန်းဒုံးကျည်တွေကို ကန့်သတ်ဖို့နဲ့ အီရန် ဩဇာခံအဖွဲ့တွေကို ထောက်ပံ့နေတာတွေကို အဆုံးသတ်ဖို့ ထည့်သွင်းရမယ်လို့ ဝန်ကြီးချုပ်က ယူဆထားပါတယ်” ဟု နေတန်ယာဟု၏ရုံးက ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ပြောကြားခဲ့သည်။

“အီရန်ဝင်ရိုးတန်း”သို့မဟုတ် အီရန်ဩဇာခံ အဖွဲ့များသည် အီရန်က ကျောထောက်နောက်ခံ ပေးထားသည့် ပါလက်စတိုင်း၏ ဟားမာ့စ်အဖွဲ့နှင့် လက်ဘနွန်၏ ဟစ်ဇ်ဘိုလာအဖွဲ့ကဲ့သို့ လက်နက်ကိုင်အဖွဲ့များကို ရည်ညွှန်း ခြင်းဖြစ်သည်။

 Source: အေပီ