CNI News

၂၀၂၆ ခုနှစ်၊ ဖေဖဝါရီ ၁၁

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲများက ပြည်သူများအတွက် အကျိုးရှိလား၊ မရှိလားကို တွက်ဆစေချင် ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်‌ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံ၏ ပြည်သူလူထုများသည် စစ်ပွဲ၏ သားကောင်များ ဖြစ်ခဲ့ရသောကြောင့် ငြိမ်းချမ်းရေးအား စားပွဲဝိုင်း ယဉ်ကျေးမူဖြင့် ကောင်းကောင်းမွန်မွန် ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။ 

၎င်းက “အခုကျနော်တို့ စားပွဲဝိုင်းမှာ ဆွေးနွေးနေကြတယ်လေ။ ကျနော်တို့ ဒီ ၂၁ ရာစုပင်လုံမှာ သဘောတူ ညီချက် ရခဲ့တာရှိတယ်။ ဒီနိုင်ငံကြီးကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တည် ဆောက်မယ်ဆိုပြီးမှ နိုင်ငံရေးကဏ္ဍအပိုဒ် ၅ မှာ ကျနော်တို့ ရခဲ့တယ်။ အဲ့ဒီ သဘောတူညီချက်က EAO လည်း ပါတယ်၊ နိုင်ငံရေးပါတီလည်း ပါတယ်၊ ပညာရှင်တွေလည်းပါတယ်၊ နိုင်ငံတော်အစိုးရ၊ တပ်မတော် အကုန်ပါတယ်။ ဒီသဘောတူညီချက်ကို အခြေခံပြီးမှ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံတော် ဘယ်လိုပုံစံနဲ့ တည် ဆောက်မယ်ဆိုတာ စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးကြရင်ဖြင့် ရပါတယ်။ ငြင်းခုန်မှုတွေရှိမယ်၊ ပြောဆိုမှုတွေရှိမယ်၊ နောက် စိတ်ဝမ်းကွဲမှုတွေရှိတယ်။ စိတ်ဝမ်းကွဲသွားပြီဆို ပြန်စီဖို့အတွက်တော့ လိုအပ်တာပေါ့နော်။ အဲ့ဒါကြောင့်မို့ လို့ အခုနိုင်ငံရေး ဆွေးနွေးပွဲတွေက အဓိက ဆောင်ရွက်ပေးဖို့ လိုအပ်တယ်။ လက်နက်ကို လက်နက်နဲ့ တိုက်လို့က တော့ မပြေလည်နိုင်ဘူး၊ လက်နက်ကိုင်အဖွဲ့တွေက တိုက်ရင်းတိုက်ရင်းနဲ့ ကြီးလာတာပဲရှိတယ်။ ပြည်သူတွေက ပိုပိုပြီးမှ ဒုက္ခရောက်လာတယ်။ စစ်ပွဲတွေကို ဘယ်လိုနည်းနဲ့ ရပ်ကြမလဲဆိုရင် နံပါတ် ၁ စဉ်းစားစေချင်ပါတယ်။ ဒါ ၂၁ ရာစုပင်လုံမှာလည်း သဘောတူညီချက် ရထားပြီးပြီ အဲ့ဒီဥစ္စာကို။ ဒီဘက်ကလည်း တည်ဆောက်မယ်လို့ ပြော ခဲ့ပြီးပြီ။ အဲ့ဒါကို စားပွဲဝိုင်း ယဉ်ကျေးမှုနဲ့ သွားကြမယ်ဆိုရင်တော့ ဒါစစ်ပွဲတွေ အနေနဲ့ တဖြည်းဖြည်းနဲ့ လျော့နည်း သွားနိုင်တယ်ပေါ့နော်။ အခု လက်နက်ကိုင် အဖွဲ့အစည်း အားလုံးကလည်း ပြည်သူ့မျက်နှာ ကြည့်စေချင်ပါတယ်။ အခုစစ်ပွဲဖြစ်လိုက်တာ ပြည်သူတွေ အကျိုးရှိလား မရှိလား ပြည်သူအတွက် ပြည်သူ့အတွက်ဆိုပြီးမှ ပြည်သူတွေ အကျိုးရှိလား မရှိလား တွက်ဆစေချင်ပါတယ်”ဟု ပြောသည်။ 

အရပ်သားတစ်ဦး ပျက်စီးသွားသော အိမ်တစ်လုံးနဲ့အတူတွေ့ရစဉ် (ဓာတ်ပုံ-မိုးမခ)

ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့များ အနေဖြင့် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးပွဲ စကားဝိုင်းသို့ လာရောက်ရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်ထားသည်။

၂ဝ၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်တွင် ကျရောက်သည့် (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့၌ ပေးပို့သော သဝဏ်လွှာ တွင် အထက်ပါကဲ့သို့ ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

အဆိုပါ သဝဏ်လွှာတွင် နယ်ချဲ့ဗြိတိသျှတို့၏ သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် ပေါ်ပေါက်ခဲ့ရသည့် ပြည်တွင်း လက် နက်ကိုင်ပဋိပက္ခ အမွေဆိုးများသည် ယနေ့တိုင် ချုပ်ငြိမ်းမှုမရှိဘဲ လူမျိုးစွဲ၊ ဝါဒစွဲများဖြင့် ကျဉ်းမြောင်းသည့် နိုင်ငံ ရေးအမြင်၊ လူမျိုးရေးအမြင်၊ ကိုယ်ကျိုးအတ္တ လွန်ကဲမှုများနှင့်အတူ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် နိုင်ငံနှင့် ပြည်သူ များ ဆင်းရဲဒုက္ခများ ကြုံတွေ့နေရဆဲဖြစ်ကြောင်း ပြောသည်။

တွေ့ဆုံညှိနှိုင်း အဖြေရှာသည့် နည်းလမ်းမှ ကြိုးပမ်းဆောင်ရွက်မှု အားနည်းခြင်းကြောင့် လက်နက်ကိုင်သည့် ပြည်တွင်းစစ် အဝိုင်းအဝန်းထဲကို ကျရောက်သွားရခြင်းဖြစ်ကြောင်း 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။  

၎င်းက “ကျနော်တို့ ဖြတ်သန်းမှု အရပဲကြည့်ကြည့်၊ ဒါသမိုင်းအရပဲ ကြည့်ကြည့် ကျနော်တို့က ဟိုးလွန်ခဲ့တဲ့ နှစ်ပေါ င်း ၇၀ ကျော်ထဲက၊ လွတ်လပ်ရေး ရပြီးထဲက ကျနော်တို့ နိုင်ငံကြီး မပြေလည်မှုတွေ၊ နိုင်ငံရေး ပြဿနာတွေ စပေါ် လာတယ်။ တွေ့ဆုံညှိနှိုင်း အဖြေရှာတဲ့ နည်းလမ်းကနေ ကျနော်တို့ ကြိုးပမ်းဆောင်ရွက်မှု အားနည်းပြီးတော့ နော က်ဆုံး ကျနော်တို့က ဒီလက်နက်ကိုင်တဲ့ စစ်ပွဲ၊ ပြည်တွင်းစစ် အဝိုင်းအဝန်းထဲကို ကျနော်တို့က ကျရောက်သွားတာ ပေါ့။ အတွေ့အကြုံ အရဆိုရင်တော့ ဒီစစ်ပွဲတွေက ပြည်သူအတွက် အကျိုးမရှိဘူးလား၊ ရှိလားဆိုတာကတော့ ပြည်သူတွေ အားလုံးအပေါ်မှာလည်းပဲ ဆန္ဒသဘောထားတွေက အကုန်လုံး တူညီနေမှာတော့ မဟုတ်ပါဘူး။ သို့သော်လည်းပဲ ပကတိ အခြေအနေ အရကတော့ အခုနောက်ဆုံး ဖြစ်ပေါ်နေတဲ့ ဒီ ၄ နှစ်တာကျော်၊ ၅ နှစ်တာ ကာလအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဒီလက်နက်ကိုင်ပဋိပက္ခ စစ်ပွဲကြီးကြောင့် ဘယ်လောက် သေခဲ့ရတယ်၊ နေအိမ် ဘယ်လောက် လောင်တယ်၊ ဘယ်လောက် ပြေးရှောင်နေရလဲ၊ ဒုက္ခသည် ဘယ်လိုရောက်သွားတယ်၊ နေအိမ်တွေ ဘယ်လောက် မီးလောင်သွားတယ်၊ ဒါတွေကို ကျနော်တို့က အကုန်လုံး သိနေကြတာပဲနော်။ ပြည်သူတွေ ကြားထဲ မှာကတော့လည်း အမြင်တွေကတော့ အမျိုးမျိုးရှိမှာပါ။ နိုင်ငံရေး အင်အားစုတွေ ကြားထဲမှာလည်း အမြင်တွေက တော့ အမျိုးမျိုးရှိမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အကျိုးရှိတယ်မရှိဘူး အမြင်တွေ အမျိုးမျိုးရှိပေမဲ့ ကျနော်တို့က ဒီနိုင်ငံ ထဲက နိုင်ငံသူနိုင်ငံသားတွေ ပြည်သူလူထုတွေ ကြီးပဲဖြစ်နေတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ နစ်နာဆုံးရှုံးမှုက လည်း ကျနော်တို့ နစ်နာဆုံးရှုံးမှုပါပဲ။ ပြည်သူလူထု တစ်ခုလုံးနဲ့ခြုံပြီးတော့ ပြောလိုက်မယ်ဆိုရင်တော့ အကျိုး ဆက်ပေါ့လေ။ ပေးဆပ်လိုက်ရတဲ့ ထိခိုက်နစ်နာဆုံးရှုံးမှုတွေက ပိုများလိမ့်မယ်လို့ ကျနော် အနေနဲ့ အဲ့ဒီလိုပဲ သုံးသပ်ချင်ပါတယ်” ဟု ပြောသည်။

တိုက်ပွဲရှောင်များကိုတွေ့ရစဉ်

ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အရေးကြီး သည့်အပြင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသော မောင်းနှင်အား တစ်ရပ်ဖြစ်သည့်အတွက် တိုင်းရင်းသား ညီအစ်ကိုများအကြား သံသယများ ဖယ်ရှားကာ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ယုံကြည်မှု တည်ဆောက် ပြီး ထာဝရငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြော ကြားထားသည်။

၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်း၌  လက်နက်ကိုင်ပဋိပက္ခများ ပိုမို ကျယ်ပြန့်လာခဲ့ပြီး၊ ယခင်က တိုက်ပွဲများ မဖြစ်ဖူးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ပါ တိုက်ပွဲများ ဖြစ်ပွားလာပြီး၊ လက်နက်ကို လက်နက်ဖြင့် ဖြေရှင်းခြင်းက ဒီတစ်သက် မပြောနှင့် နောင်ဆယ်သက်လည်း မဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ၄ သန်းကျော်ရှိပြီး နေအိမ်များ မီးလောင်မှု သိန်းနှင့်ချီ ရှိသလို အရပ်သား ပြည်သူများ သေဆုံးမှုများလည်း အများအပြားရှိနေသည်။