CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၇
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ရွေးကောက်ပွဲကို မဲပေးရမည်ဆိုသည့်အတွက် ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိနိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က လုပ်ဆောင်သင့်သည်ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
MEVM စက်များဖြင့် စမ်းသပ်မဲပေးခြင်းများကို နေပြည်တော်၌ ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာန၊ တက္ကသိုလ်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ် ၉ ခုတို့တွင် ဆောင်ရွက်ခဲ့သလို နိုင်ငံရေးပါတီများလည်း စမ်းသပ် မဲပေးခြင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က CNI သတင်းဌာနသို့ ပြောသည်။
စိုင်းဋ္ဌေးအောင်က “ UEC အနေနဲ့ အခုကစပြီး MWD ၊ MRTV စတဲ့ မီဒီယာပေါင်းစုံမှာ MEVM မဲပေးစက်၏ မဲပေး စနစ်ပုံစံကို အမြဲတမ်း ပြသပေးဖို့ လိုပါတယ်၊ တစ်နိုင်ငံလုံးမှာလည်း စစ်ဖြစ်နေတဲ့ ဒေသတွေရှိတော့ အများပြည်သူ ကိုင်ဆောင်နိုင်တဲ့ ဖုန်းအော်ပရေတာကနေတဆင့် SMS စနစ်သုံးပြီး MEVM မဲပေးစက်၏ မဲပေးစနစ်ကိုအကြောင်း ဖြန့်ဝေတာမျိုးတွေ လုပ်ဆောင်သင့်ပါတယ်”ဟု ပြောသည်။
ရွေးကောက်ပွဲ မဲထည့်ရန်လုပ်နေကြစဉ်
မဲပေးစက် ကိုင်တွယ် အသုံးပြုနည်း သင်တန်းများကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ၊ မဲပေးစက်ဖြင့် ကျွမ်းကျင်စွာ မဲပေးနိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာ အုပ်စုအဆင့်ထိ သရုပ်ပြ လေ့ကျင့်သင်တန်းများ ဆောင်ရွက်နေကြောင်း၊ မီဒီယာကတစ်ဆင့် အသိပညာပေး အစီအစဉ်များ ထုတ်လွှင့်ပြသ လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က CNI သတင်းဌာနသို့ ပြောသည်။
TNDP ပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က “အရင်နှစ်တွေ ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ ပြည့်နှစ်တွေမှာ အမှန်ခြစ် ခြစ်မဲပေးတာ၊ တံဆိပ် တုံး ထုစနစ် မဲပေးတာတွေမှာလည်း အမှားအယွင်း အနည်းငယ်ရှိခဲ့သလိုမျိုး လာမဲ့ရွေးကောက်ပွဲမှာ ပထမဆုံး မဲခလုတ်ကို ကိုင်တွယ် ထိတွေ့ရမယ်ဆိုရင် အနည်းငယ် မှားယွင်းမှုတော့ ရှိနိုင်ပါမယ်၊ ကျနော်တို့ ပါတီအနေနဲ့ နေပြည်တော်မှာ စမ်းသပ်မဲ ပေးရာမှာ မပါဝင်ခဲ့ပေမဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှာတော့ ပါဝင်ခဲ့ပါတယ်၊ မဲပေး ပြသပုံ စနစ်ကတော့ စိတ်ချရပါတယ်။ ဥပမာ ပြည်သူတစ်ယောက်က ငှက်ပျောသီးပါတီကို မဲပေးဖို့ ရည်ရွယ်ထားပေမယ့် မဲခလုတ်ကို နှိပ်တဲ့အခါ ပန်းသီးပါတီကို မှားယွင်းထိမိတာမျိုး ရှိနိုင်ပြီး စက်ခလုတ်က နောက်တစ်ကြိမ် ပြုပြင်ပြောင်းလဲပေးလို့ မရတော့တာဖြစ်လို့ ပြည်သူတွေ အနေနဲ့က သတိရှိရှိနဲ့ စက်ခလုတ်ကို ကိုင်တွယ်မဲပေးဖို့ လိုပါတယ်” ဟု ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တစ်ခုမှ ရပ်/ကျေးအဖွဲ့ဝင် နီးစပ်သူတစ်ဦးက မဲပေးစက်ဖြင့် ကျွမ်းကျင်စွာ မဲပေးနိုင်ရန်အတွက် ရပ်ကွက်၊ကျေးရွာ အုပ်စုအဆင့်ထိ သရုပ်ပြ လေ့ကျင့်သင်တန်းများ ဆောင်ရွက်နေပြီဖြစ်၍ ပြည်သူလူထုထံ အနှေးနှင့်အမြန် MEVM မဲပေးစနစ်အကြောင်း ချပြနိုင်ခြေရှိကြောင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တစ်ခုမှ ရပ်/ကျေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။
MEVM စနစ်နဲ့ မဲပေးပုံကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရှင်းပြနေစဉ်
ယခင်နှစ် ရွေးကောက်ပွဲမှာ စာရွက်စာတမ်းဖြင့် မဲပေးရသည့်အခါ နိုင်ငံတော်အတွက် စာရွက်ခဖိုး ကုန်ကျပြီး ဘတ်ဂျက် လည်း ထိခိုက်မှု အနည်းငယ် ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူငယ်စင်တာကော်မတီမှ မောင်ကောင်းစည်သူ က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လာမဲ့ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲမှာ MEVM မဲပေးစက် တီထွင်နိုင်တာ ဖြစ်တဲ့အတွက် အဲဒီစက်ရဲ့ အားသာချက် က ခလုတ်လေး နှိပ်လိုက်တာနဲ့ မဲစာရွက်လေး ချက်ချင်းထွက်လာပြီး ကွာခြားချက်က မဲပေးခဲ့သူတွေ အားလုံးရဲ့ စာရင်းတွေကို တစ်ပြိုင်နက်တည်း ပြန်ပြီးကြည့်လို့ရတယ်၊ တစ်ခုချင်း လိုက်ကြည့်စရာ မလိုတော့ဘူး၊ ဒါကြောင့် လူငယ် တစ်ယောက်အနေနဲ့ MEVM မဲပေးစက်စနစ်ကို သဘောကျပြီး လက်ခံပါတယ်” ဟု ပြောသည်။
MEVM မဲပေးစက်စနစ်ကို အစိုးရဝန်ထမ်းများအား UEC က သင်တန်းပို့ချ ပေးနေသည်ဆိုသော်လည်း တချို့သော ပညာရေးဝန်ထမ်းများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းတချို့ကတော့ တက်ရောက်ခွင့်မရသည့် အတွက် မဲပေးပုံစနစ်အကြောင်း သေချာမသိဘူးဟု CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများ၌ ကျင်းပသွားရန် စီစဉ်နေ ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောသည်။
ထို့နောက် ပြည်သူလူထု အများစုသည် ရွေးကောက်ပွဲတွင် မဲထည့်ရန် စိတ်ဝင်စားမှု နည်းပါးနေကြောင်း၊ မဲပေးရမည့် စနစ် ပြောင်းလဲသွားခြင်းကြောင့် ရှုပ်ထွေးနေကြကြောင်း ထောက်ပြကြသည်။