CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၃
ပြည်သူလူထု၏ မဲကို ရယူပြီး လွှတ်တော်ထဲ ဝင်ရောက်ရန် နိုင်ငံရေးပါတီများ ပြင်ဆင်နေသည့်တိုင် ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းပေးမှုအပိုင်းမှာ ပါတီများ အလွန်အားနည်းနေကြောင်း နိုင်ငံ ရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
လွှတ်တော်ထဲသို့ ဝင်ရောက်မည့် ကိုယ်စားလှယ်လောင်းများသည် ပါတီကို ကိုယ်စားပြု၍ ဝင်ပြိုင်ခြင်းဖြစ်သည့် အတွက် ရွေးကောက်ပွဲကာလ၌ ၎င်းတို့သည် ပါတီကိုယ်စားလှယ်များဖြစ်ကြောင်း၊ သို့သော် ပြည်သူများ၏ မဲ ပေးမှုအရ အနိုင်ရရှိပြီး လွှတ်တော်ထဲသို့ ရောက်ရှိချိန်တွင် ပါတီကိုယ်စားလှယ်တင်မက ပြည်သူ့ကိုယ်စားလှယ် လည်း ဖြစ်သွားပြီဟု ၎င်းတို့က ထောက်ပြကြသည်။
ပြည်သူလူထု အခက်အခဲများကို လက်တွေ့ကျကျ ဖြေရှင်းပေးမှုပိုင်းတွင် နိုင်ငံရေးပါတီတချို့က တော်တော်လေး အားနည်းနေကြကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီရွေးကောက်ပွဲဟာ လူငယ်ထုအတွက်ကို အပေါင်းလက္ခဏဆောင်တဲ့ ဖြစ်ရပ်တွေ အကျိုးစီးပွားတွေ ရလဒ်တွေ ဖြစ်လာမယ်ဆိုတာကို လူငယ်တွေကို သက်သေပြဖို့လိုတယ်။ ဥပမာ ရှင်းရှင်းလေး ရှိနေတယ်၊ နယ်တွေ မှာ တချို့နေရာတွေမှာ ဥပဒေနဲ့မညီတဲ့ စစ်မှုထမ်း ဆင့်ခေါ်တာတွေရှိတယ်။ အဲ့ဒါတွေကို နိုင်ငံရေးပါတီတွေက ဒီလူငယ်တွေရှေ့ကနေ မားမားမတ်မတ် ရပ်ပြီးတော့ တိုက်တိုက်တွန်းတွန်း ပြောဆို ကာကွယ်ပေးခြင်းအားဖြင့် လူငယ်ထုက ရွေးကောက်ပွဲပေါ်မှာ စိတ်ဝင်စားလာမယ်။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာက ငါတို့နဲ့အတူတူ ငါတို့ နဲ့ရပ်ပြီးတော့ ငါတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်တဲ့ လူတွေပါလားဆိုတာကို သူတို့ သဘောပေါက် လာလို့ရှိ ရင် ရွေးကောက်ပွဲကို စိတ်ဝင်စားလာမှာပဲ၊ ဒါကြောင့် နိုင်ငံရေးပါတီတွေက အလုပ်နဲ့ သက်သေပြဖို့ လိုတယ်။ တကယ်ကို လက်တွေ့ကျတဲ့ ကူညီမှုတွေ၊ လက်တွေ့ကျတဲ့ ဖြေရှင်းမှုတွေ ပြည်သူလူထု အခက်အခဲကို လက်တွေ့ ကျကျ ဖြေရှင်းပေးမှုတွေပိုင်းမှာ နိုင်ငံရေးပါတီတချို့က တော်တော်လေးကို အားနည်းနေကြတာ”ဟု ပြောသည်။

မြန်မာနိုင်ငံက လက်နက်ကိုင်နဲ့ ပြည်သူများကို တွေ့ရစဉ်
လက်ရှိတွင် မြန်မာနိုင်ငံသား ပြည်သူလူထုများသည် စီးပွားရေး အကျပ်အတည်း၊ အလုပ်အကိုင် ရှားပါးမှု၊ ငွေကြေး ဖောင်းပွမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ လူနေမှုစရိတ် ကြီးမြင့်မှု၊ အသက်အန္တရာယ် မလုံခြုံမှု၊ စစ်မှုထမ်း ဥပဒေကို အသုံးချပြီး အာဏာပိုင်များက ငွေကြေးတောင်းဆိုနေမှု၊ စစ်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရမှု စသည့် အခြေအနေများကို ရင်ဆိုင်နေကြရသည်။
အဆိုပါ အခြေအနေများကို နိုင်ငံရေးပါတီများက ပြည်သူလူထု ရှေ့ကနေ ရပ်တည် ဖြေရှင်း မပေးနိုင်ဘဲ ရွေးကောက်ပွဲ ကာလမှာတော့ မဲပေးရန် တိုက်တွန်းလျက်ရှိနေကြသည်။
နိုင်ငံရေးပါတီများ အနေဖြင့် ယခုအချိန်သည် အခွင့်ကောင်း တစ်ရပ်ဖြစ်ပြီး လူထုဘက်က မားမားမတ်မတ် ရပ် တည် ပေးချင်းအားဖြင့် နှစ်ဖက်စလုံးက အနိုင်ရသည့် အနေအထားမျိုး ဖြစ်လာနိုင်တယ်ဟု ရန်ကုန်စောင့်ကြည့် အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

မဲထည့်နေကြစဉ်
၎င်းက “ဥပဒေနဲ့မညီတဲ့ ဆောင်ရွက်ချက်တွေ ဖြစ်နေတယ်၊ နယ်တွေမှာဆိုရင် ပိုဆိုးတယ်။ တရားဥပဒေ စိုးမိုးရေး အလှမ်းကွာတဲ့ နေရာတွေ အားနည်းတဲ့ နေရာတွေ အဲ့လိုနေရာတွေ ဆိုလို့ရှိရင် ဒါတွေက ဥပဒေနဲ့အညီ နိုင်ငံရေး ကိုယ်စားလှယ်လောင်းတွေက ဥပဒေနဲ့အညီ ပြည်သူလူထုဘက်က မားမားမတ်မတ် ရပ်တည်ပြီးတော့ ကာကွယ် ပေးတာတွေ ရှိသင့်တယ်။ ဒီအချိန်မှာ အခွင့်ကောင်းတစ်ရပ်ပဲ တရားဥပဒေနဲ့ မညီမညွတ် ဖြစ်နေတာတွေ တရား ဥပဒေ စိုးမိုးမှု မရှိတဲ့ကိစ္စတွေကို ဖော်ထုတ်ပြီးတော့ လူထုဘက်က မားမားမတ်မတ် ရပ်တည်ပေးခြင်းအားဖြင့် ပြည်သူရော၊ ပါတီရော၊ နှစ်ဖက်စလုံးက အနိုင်ရတဲ့ အနေအထားမျိုး ဖြစ်လာနိုင်တယ်။ ရွေးကောက်ပွဲ ကာလတွေ မှာ ပြည်သူလူထု သက်သာချောင်ချိရေးတွေ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီးတော့ စနစ်တကျဖြစ်ဖို့တို့ တချို့ နေရာတွေမှာ တကယ်လို့ ဥပဒေနဲ့အညီ မလုပ်နိုင်ဘူးဆိုလို့ရှိရင် အဲ့ဒီနေရာတွေကို ခြွင်းချက်အနေနဲ့ ထားပြီး တော့ ရပ်ဆိုင်းထားဖို့တို့ ဖြစ်သင့်တယ်”ဟု ပြောသည်။
မြန်မာ့နိုင်ငံရေးတွင် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်လောင်းများ အနေဖြင့် လွှတ်တော်ထဲသို့ ရောက်ရှိချိန်၌ ပြည်သူကို ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်ထက် ပါတီစွဲများဖြင့် ပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်အဖြစ် အသွင်ပြောင်းသွားကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
ထို့ကြောင့် ပြည်သူလူထုသည် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ် လောင်းများကို သေချာ စိစစ်ရွေးချယ်ရန် လိုအပ်ကြောင်း၊ ပြည်သူလူထုနှင့် နိုင်ငံအကျိုးကို တကယ် လုပ်ဆောင် မည့် ကိုယ်စားလှယ်လောင်းနှင့် နိုင်ငံရေးပါတီများအား ရွေးချယ်ရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့် သူများက အကြံပြုကြသည်။
