CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၇

ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းကို ၃ ကြိမ်တိုင် ကြေညာခဲ့သော်လည်း အပိုင်း (၁) ကျင်းပခဲ့ရာ မဲစာရင်း၌ မပါဝင်သည်များကိုလည်း တွေ့ရသဖြင့် မှတ်ပုံတင်ရှိသူတိုင်းကို ဆန္ဒမဲပေးခွင့် ပြုစေချင်ကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP)ဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။

မဲမပေးခင် တစ်လအလိုကတည်းက မဲစာရင်းသည် တည်ငြိမ်ရတော့မည်ဖြစ်သော်လည်း ရွေးကောက်ပွဲ ကျင်းပ သည့် နေ့အထိ မဲစာရင်းမှာ မတည်ငြိမ်သည်ကို တွေ့ရကြောင်း နိုင်ငံရေးပါတီများက ထောက်ပြကြသည်။

ထို့ကြောင့် နိုင်ငံသားဖြစ်ကြောင်း အထောက်အထား မှတ်ပုံတင် ကိုင်ဆောင်ထားသည့် မည်သူ့ကိုမဆို ဆန္ဒမဲပေး ခွင့် ပြုစေချင်ကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက CNI သတင်း ဌာနသို့ ပြောသည်။ 

နိုင်ငံသား စိစစ်ရေးကတ်ပြားကို တွေ့ရစဉ်

၎င်းက “ဘာလို့လဲဆိုတော့ မှတ်ပုံတင်ရှိတယ်၊ အိမ်ထောင်စု စာရင်းရှိတယ်၊ မဲစာရင်းထဲမှာ မပါဘူး။ မပါသည့် အတွက် အဓိက,က မဲစာရင်း ဖြစ်နေတယ်။ မဲစာရင်းပါမှ မဲပေးလို့ရမယ်ဆိုတဲ့ သဘောမျိုး။ ကျနော်တို့ ဖြစ်စေချင် တာကတော့ နိုင်ငံသား ဖြစ်သည်ဆိုတဲ့ အထောက်အထား မှတ်ပုံတင်ပေါ့လေ။ ရှိပြီဆိုရင်တော့ ဘယ်သူ့ကိုမဆို မဲပေးခွင့် ပြုစေချင်တယ်။ အဲဒီဟာကို ကျ‌နော်တို့လည်း တင်ပြတယ်။ တင်ပြပေမယ့် ဥပဒေက ခုနက မဲစာရင်း ထဲမှာ ပါမှဆိုတဲ့အပိုင်း ဝင်လာတဲ့အခါကြတော့ တော်တော်လေးကို ခက်တယ်ပေါ့လေ။ ခုနက မဲစာရင်း တွေက လည်း ဥပမာ ကျ‌နော်တို့ဆိုရင် ပထမအကြိမ် ပါလာတယ်၊ ကျနော့် အမျိုးသမီးက မပါဘူး။ နောက် ဒုတိယ အကြိမ် ကျနော်တို့ မကြည့်လိုက်ရဘူး။ တတိယအကြိမ်မှာကတော့ ပါတယ်။ ဒါပေမယ့် ကျနော်တို့ နေတဲ့လမ်း မဟုတ်ပြန် ဘူး။ တခြားလမ်း။ အဲဒီလိုလေးတွေပေါ့ ပါတာရှိ၊ မပါတာရှိ။ နောက် ဘေးအိမ်က လက်ရှိ ရှိနေတဲ့ လင်မယား နှစ်ယောက် မပါဘဲနဲ့ သူတို့ဆုံးသွားတဲ့ အမေ၊ အဖေ နာမည်ပါနေတယ်။ အဲဒီလိုလေးတွေပေါ့လေ။ မဲစာရင်းထဲမှာ ပါမှု၊ မပါမှုကို ပိုအလေးသာတဲ့ သဘောမျိုး။ ဆိုတော့က မှတ်ပုံတင်ရှိပြီ သူတို့လည်း မဲပေးချင်ပြီ ဆိုရင်တော့ မဲပေးခွင့် ပြုစေချင်တယ်ပေါ့လေ ကျနော်တို့ကတော့” ဟု ပြောသည်။

မဲစာရင်းအား သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများတွင် ၃ ကြိမ်တိုင် ကပ်ထားပြီး ကြေညာခဲ့ခြင်း ဖြစ်သော်လည်း မဲစာရင်းသည် တစ်ကြိမ်နှင့် တစ်ကြိမ် တိကျတူညီမှုများ ရှိမနေကြောင်း သိရ သည်။

ထို ၃ ကြိမ်အနက် ပထမအကြိမ်နှင့် ဒုတိယအကြိမ်တွင် မဲစာရင်း၌ မပါခြင်း၊ နေထိုင်သည့် လမ်းအမည်များ မှားယွင်းခြင်း၊ ရှေ့ ၂ ကြိမ်တွင် အမည်စာရင်း ပါသော်လည်း တတိယအကြိမ်တွင် မဲစာရင်းထဲ မပါခြင်းတို့ကို ကြုံတွေ့ခဲ့ရကြောင်း နိုင်ငံရေးပါတီများထံက သိရသည်။

မဲစာရင်းသည် တိတိကျကျ ရှိရမှာဖြစ်ပြီး ရွေးကောက်ပွဲ အပိုင်း (၁) တွင် ကြုံတွေ့ခဲ့ရမှုအရ မဲစာရင်း မတည်ငြိမ် မှုသည် မဖြစ်သင့်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်း “အဲဒါလည်း မဖြစ်သင့်ဘူးလေ။ ပထမအပိုင်းက မပါဘူး။ မပါတော့ ဒုတိယအပိုင်းမှာ ပုံစံ ၃ နဲ့ လျှောက်လိုက် တယ်။ ပါတယ်။ နောက်ဆုံးကြတော့ မဲပေးတဲ့နေ့ မပါတော့ဘူးလေ။ အဲဒီလိုမျိုးဖြစ်နေတာ။ အဲဒါမဖြစ်သင့်ဘူး လေ။ တိတိကျကျ ဖြစ်ရမှာ မဲစာရင်းက။ ဥပမာ ၅ ယောက် ရှိတယ်ဆိုလည်း ၂ ယောက် လောက်ပဲပါတယ်။ ၃ ယောက်လောက်က မပါဘူး အဲဒီလိုမျိုးပုံစံရှိတယ်။ အဲဒါမျိုးတွေက မဖြစ်သင့်တဲ့ဟာတွေပေါ့” ဟု ပြောသည်။

မဲထည့်နေကြစဉ် 

လက်ရှိ နိုင်ငံရေး အခင်းအကျင်း မဲထွက်ပေးသည့် လူထုရှိသည်ကို ကျေးဇူးတင်ရမည်ဖြစ်ကြောင်း၊ လူထုအနေဖြင့် လည်း မဲစာရင်းအား ကြေညာချိန်တွင် သွားရောက်ကြည့်ရှုကြမှု အားနည်းကြောင်း၊ မဲပေးသည့်နေ့တွင် မဲစာရင်း နံပါတ်ကိုင်၍ ရောက်လာသူ ရှားပါးပြီး မဲရုံသို့ ရောက်မှသာ မိမိ၏ မဲစာရင်းကို ရှာဖွေသည်က များ‌ကြောင်း ရန်ကုန် စောင့်ကြည့်အဖွဲ့ တည်‌ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများ အနေဖြင့်လည်း မိမိဝင်ရောက် ယှဉ်ပြိုင်သော မဲဆန္ဒနယ်မှ ပြည်သူ လူထု မဲအဆင်သင့် ပေးနိုင်ရေး မဲစာရင်းများကို သွားရောက်ကြည့်ရှု၍ မဲဆန္ဒရှင်များကို ကြိုတင်ပြောပြ ထားသင့် ကြောင်း ၎င်းက ပြောသည်။

ဒေါက်တာညိုညိုသင်းက “သက်ဆိုင်ရာ ပါတီတွေက အခုထက်ပိုပြီး အများကြီး အားထုတ်ဖို့လိုတယ်။ အန်တီ အရင် တွေ့ခဲ့တဲ့ မဲဆန္ဒနယ်တွေ၊ ဟိုအရင်က တွေ့ခဲ့တဲ့၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ တွေ့ခဲ့တဲ့ မဲဆန္ဒနယ် တချို့ မှာဆိုရင် နိုင်ငံရေးပါတီကြီးတွေက ပြည်သူလူထုအတွက်ကို မဲအဆင်သင့် သွားပေးနိုင်အောင် သူတို့ရဲ့ မဲစာရင်း နံပါတ်ကို ကြိုတင်ပြီးတော့ ပေးထားနိုင်တာ တွေ့ရတယ်။ ကျနော်တို့ ပါတီကို မဲပေးပါ၊ ခင်‌ဗျား မဲရုံဘယ်လောက်၊ ဘယ်မဲရုံမှာ ကျပါတယ်။ ခင်ဗျားရဲ့ နံပါတ်ကတော့ ဘယ်လောက်ပါဆိုပြီး ကြိုတင်ပြောထားတဲ့ အခါကြတော့ မဲဆန္ဒရှင် ပြည်သူလူထုက အလွယ်တကူ သွားရောက်ပြီး ပေးနိုင်တာပေါ့။ အဲဒီတော့ မဲပေးတဲ့ ရာခိုင်နှုန်း မြင့်ခဲ့တာ ပေါ့။ အခုကကြတော့ နိုင်ငံရေး ပါတီတွေကလည်း အခက်အခဲကြားထဲမှာ ရုန်းကန်ရတာဖြစ်တဲ့ အတွက်ကြောင့် ဒီအလုပ်ကို တော်တော်များများ မလုပ်နိုင်ဘူး။ လုပ်နိုင်တဲ့ နိုင်ငံရေးပါတီဆိုလို့ တချို့နယ်မြေတွေမှာ USDP လောက်ပဲရှိတယ်။ အန်တီတို့ တွေ့ရသလောက်။ နိုင်ငံရေးပါတီတွေကလည်း ပြည်သူလူထုကို စည်းရုံးတဲ့အပိုင်းမှာ ဆိုင်းဘုတ်ထောင်တာ လောက်၊ ပန်းဖလပ် ဝေတာလောက်ကိုပဲ  အတင်းလုပ်နေရတဲ့ပုံစံ ဖြစ်နေတယ်။ ဒါကြောင့် နိုင်ငံရေးပါတီတွေကလည်း အားနည်းချက်တွေရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် ရွေးကောက်ပွဲကာလတွင် နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင် ကတ်ပြား တစ်မျိုးမျိုး ပျက်ဆီး/ ပျောက် ဆုံးသူ မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့် မဆုံးရှုံးစေရန် မြို့နယ်အသီးသီးရှိ လ.ဝ.က ရုံးများတွင် အထူးကိစ္စ တစ်ရပ် အနေဖြင့် ရုံးပိတ်ရက်မရှိ ဆောင်ရွက်ပေးနေကြောင်း လ.ဝ.က မှ ထုတ်ပြန်ထားသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သော ‌ရွေးကောက်ပွဲ အပိုင်း (၁)တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၁၁ သန်းကျော် ရှိပြီး ၆ သန်းကျော် မဲပေးခဲ့သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ထုတ်ပြန်ထားသည်။