CNI International News
တိုကျို၊ ဇန်နဝါရီ ၇
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) ကို အမေရိကန်က ဖမ်းဆီးခဲ့ပြီးနောက် အမေရိကန်ရေနံ ကုမ္ပဏီများသည် ဗင်နီဇွဲလား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကို ပြန်လည်ထူထောင်မှုတွင် ဦးဆောင်သွား မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့ သည်။
ထို့နောက် ဗင်နီဇွဲလား၏ အနာဂတ်အပြောင်းအလဲ အထူးသဖြင့် ရေနံလုပ်ငန်းတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ သည် အလွန်အရေးကြီးလာကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
ထို့ကြောင့် Nikkei Asia သတင်းဝက်ဘ်ဆိုက်က ဗင်နီဇွဲလား အနာဂတ်၊ တရုတ်၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အဓိကစောင့်ကြည့်ရမည့် အချက် ၄ ချက်ကို ဖော်ပြထားသည်။
ပထမအချက်မှာ တရုတ်နိုင်ငံသည် ဗင်နီဇွဲလား၏ အကြီးဆုံး ကြွေးရှင်နိုင်ငံဖြစ်သည်။
လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း တရုတ်နိုင်ငံသည် ဗင်နီဇွဲလားသို့ အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံကျော် ချေးပေးထားခဲ့သည်။ ထိုချေးငွေများကို ဗင်နီဇွဲလားက ရေနံဖြင့် ပြန်လည်ပေးဆပ်နေရခြင်း ဖြစ်သည်။
ထို့ကြောင့် လက်ရှိ ဗင်နီဇွဲလားအစိုးရ ပြုတ်ကျသွားပါက ထိုအကြွေးများကို မည်သူက ဆက်လက် တာဝန်ယူမည် နည်းဆိုသည့် အချက်သည် တရုတ်အတွက် အဓိက စိုးရိမ်စရာ ဖြစ်နေသည်။

တရုတ်-ဗင်နီဇွဲလား ဆက်ဆံရေးကို ပြသထားစဉ်
ဒုတိယအချက်မှာ ဗင်နီဇွဲလား၏ ရေနံများအပေါ် တရုတ်က မှီခိုအားထားနေရမှု ဖြစ်သည်။
တရုတ်နိုင်ငံသည် ဗင်နီဇွဲလားက ရောင်းချနေသည့် ရေနံ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းခန့်ကို ဝယ်ယူနေသည့် အဓိက ဖောက်သည်နိုင်ငံ ဖြစ်သည်။
အမေရိကန်က ဗင်နီဇွဲလားကို ယာယီထိန်းချုပ် လိုက်သည့်အတွက် ရေနံစီးဆင်းမှု ပြတ်တောက်သွားမည်ကို တရုတ်က စိုးရိမ်နေသော်လည်း ရေရှည်တွင် ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်သည့် အခြေခံ အဆောက်အအုံများ ပြန်လည်ကောင်းမွန်လာပါက ရေနံဈေးနှုန်းများ ကျဆင်းလာနိုင်သည်ကိုလည်း မျှော်လင့်နေကြသည်။
တတိယအချက်မှာ ရေနံပေးချေမှုတွင် ခရစ်ပတိုငွေကြေး အသုံးပြုမှု ဖြစ်သည်။
အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုများကြောင့် မာဒူရို အစိုးရသည် တရုတ်နှင့် ရေနံ အရောင်းအဝယ် လုပ်ရာတွင် အမေရိကန်ဒေါ်လာ အသုံးမပြုဘဲ Tether ကဲ့သို့သော ခရစ်ပတို ငွေကြေးများကို အသုံးပြုခဲ့သည်။
ယခုအခါ အမေရိကန်က ဝင်ရောက် ထိန်းချုပ် လိုက်သည့်အတွက် ထိုကဲ့သို့ ခရစ်ပတိုငွေကြေးဖြင့် လျှို့ဝှက် ငွေပေးချေမှုစနစ်များ ရပ်ဆိုင်းသွားပြီး တရုတ်ကုမ္ပဏီများအတွက် အခက်အခဲ ဖြစ်စေနိုင်သည်ဟု လေ့လာသူ များက ပြောကြားခဲ့သည်။
နောက်ဆုံးအချက်မှာ ပထဝီနိုင်ငံရေး တင်းမာမှု မြင့်တက်လာခြင်းဖြစ်သည်။
မာဒူရိုသည် တရုတ်နှင့် ရုရှားတို့၏ အဓိက မဟာမိတ်ဖြစ်သဖြင့် ၎င်းအား ဖမ်းဆီးလိုက်ခြင်းသည် တရုတ်နှင့်ရုရှား ၏ ဩဇာလွှမ်းမိုးမှုကို အမေရိကန်က တိုက်ရိုက် စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံကမူ အမေရိကန်က မာဒူရိုအား ဖမ်းဆီးမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချထားပြီး ၎င်းတို့၏ ရင်းနှီးမြှုပ်နှံ မှုများကို ကာကွယ်ရန် မည်သို့ တုန့်ပြန်မည်ဆိုခြင်းကို စောင့်ကြည့်ရမည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
Source: Nikkei Asia
