CNI International News
ကာရာကက်စ်၊ ဖေဖော်ဝါရီ ၃
ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်က တိုက်ခိုက်ခဲ့ပြီးနောက် သမ္မတ နီကိုလပ်စ် မာဒူရို (Nicolás Maduro)အား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်မှာ ရက်ပေါင်း ၃၀ ကြာမြင့်လာချိန်တွင် ဗင်နီဇွဲလားနိုင်ငံ၏ အခြေအနေများ ပြောင်းလဲသွားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ဗင်နီဇွဲလား ပြည်သူများသည် အစောပိုင်းတွင် အမေရိကန်၏ တိုက်ခိုက်မှု အန္တရာယ်ကို ကြောက်လန့်နေခဲ့ရာမှ ယခုအခါ၌ မရေရာမှု၊ စိတ်ပျက်မှုများဖြင့် ရှေ့ဆက် ဘာဖြစ်လာမည်နည်း ဆိုခြင်းကို သေချာစွာ မသိကြသေးပေ။
ပြည်သူအများစုမှာ အမေရိကန်၏ တိုက်ခိုက်မှုနှင့် လက်ရှိ ဗင်နီဇွဲလားအစိုးရက ဖိနှိပ်အုပ်ချုပ်လာမည့် အရေးကို စိုးရိမ်နေကြသည်။
နိုင်ငံရေးပါတီများကလည်း မာဒူရိုအလွန် ဗင်နီဇွဲလား နိုင်ငံရေး အခြေအနေနှင့်ပတ်သက်ပြီး ၎င်းတို့၏ ခန့်မှန်းချက် များ မှားယွင်းနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ဗင်နီဇွဲလားယာယီသမ္မတ ဒယ်လ်စီ ရော်ဒရီဂွက်ဇ်ကို တွေ့ရစဉ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က ဦးဆောင်ပြီး မာဒူရိုကို ရာထူးမှ ဖယ်ရှားပြီးချိန်တွင် အတိုက်အခံ ခေါင်းဆောင်များထဲမှ တစ်ဦးဦးက နိုင်ငံ့အာဏာကို လွှဲပြောင်း ရယူနိုင်လိမ့်မည်ဟု မာဒူရိုကို ဆန့်ကျင်သည့် အတိုက်အခံ အဖွဲ့အစည်းများက မျှော်လင့်ခဲ့ကြသည်။
သို့သော် ထရမ့်သည် ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင်ဖြစ်သူ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) ကို ထောက်ခံ အားပေးခဲ့ခြင်း မရှိဘဲ မာဒူရို အစိုးရအတွင်း ဒုသမ္မတအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် ဒယ်လ်စီ ရော်ဒရီဂွက်ဇ် (Delcy Rodríguez) နှင့် လက်တွဲ လုပ်ဆောင်ရန် ဆုံးဖြတ် လိုက်ခြင်းကြောင့် အတိုက်အခံများသည် ယနေ့ထက်ထိ အံ့အားသင့်ကာ နားမလည်နိုင်အောင် ဖြစ်နေကြရသည်။
“ဗင်နီဇွဲလားရဲ့ ကံကြမ္မာဟာ ရေနံ သဘောတူညီချက် တစ်ခုနဲ့ ဒယ်လ်ဆီ ရော်ဒရီဂွက်ဇ် ဦးဆောင်တဲ့ အာဏာရှင် စနစ်မျိုး မဖြစ်သင့်ဘူးလို့ ကျနော် ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါဟာ အာဏာရှင်စနစ်ကိုပဲ ပုံစံပြောင်း ပြီး ဆက်လက် ကျင့်သုံးနေတာ ဖြစ်လို့ပါပဲ”ဟု တစ်နှစ်ကျော်ကြာ ပုန်းရှောင်နေခဲ့ရပြီး ယခုအခါမှ လူထုမြင်ကွင်း ကို ပြန်လည် ထွက်ပေါ်လာသည့် အတိုက်အခံ ခေါင်းဆောင် အန်ဒရက်စ် ဗီလပ်စ်ကွက်ဇ် (Andrés Velásquez) က ပြောကြားခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံအတွင်း တွေ့ရစဉ်
ထိုကဲ့သို့ မသေချာ၊ မရေရာမှုများ ပြည့်နှက်နေခြင်းနှင့်အတူ ဗင်နီဇွဲလားတွင် ရွေးကောက်ပွဲအသစ် ပြုလုပ်ရန် တိကျသည့် အစီအစဉ် သို့မဟုတ် ရက်စွဲများ သတ်မှတ်ထားခြင်း မရှိသေးပေ။
အတိုက်အခံခေါင်းဆောင် မာချာဒိုကမူ လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ရွေးကောက်ပွဲကို အမြန်ဆုံး ကျင်းပ ပေးရန် တောင်းဆိုထားသည်။
“ပြည်သူတွေကပဲ သူတို့ရဲ့ ခေါင်းဆောင်ကို ရွေးချယ်သင့်တာပါ”ဟု မာချာဒိုက ပြောကြားခဲ့သော်လည်း အမေရိကန်အစိုးရနှင့် လက်ရှိ ဗင်နီဇွဲလား ယာယီအစိုးရကြားတွင် ရွေးကောက်ပွဲအတွက် အချိန်ဇယားတစ်ခုကို သဘောတူညီထားခြင်း မရှိသေးပေ။
Source: အေပီ
