CNI International News

ကာရာကက်စ်၊ ဒီဇင်ဘာ ၃

ပြီးခဲ့သည့်လက မာဒူရိုနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့ ဖုန်းဆက်သွယ် ပြောဆိုခဲ့ ချိန်တွင် မာဒူရို၏ တောင်းဆိုချက်များကို ထရမ့်က ငြင်းပယ်ခဲ့ကြောင်း ထိုအကြောင်းအရာနှင့် နီးစပ်သည့် သတင်းရင်းမြစ် ၄ ခုက ပြောကြားခဲ့သည်ဟု ရိုက်တာမှဖော်ပြခဲ့သည်။

ထို့ကြောင့် ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolas Maduro) သည် ရာထူးမှဆင်းရန်နှင့် အမေရိကန်က လုံခြုံရေး အာမခံပေး ထားသည့် လမ်းကြောင်းမှတစ်ဆင့် နိုင်ငံအတွင်းမှ ထွက်ခွာရန် ရွေးချယ်စရာများ သိပ်မကျန်တော့ ကြောင်း ထောက်ပြကြသည်။ 

အမေရိကန်က ကာရစ်ဘီယံပင်လယ်တွင် မူးယစ်ဆေးဝါး မှောင်ခိုကူးသည်ဟု သံသယရှိသည့် သင်္ဘောများကို တိုက်ခိုက်မှုများ အပါအဝင် ဗင်နီဇွဲလားနိုင်ငံကို ဖိအားများ တိုးမြှင့်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၁ ရက်တွင် ထရမ့်နှင့် မာဒူရိုတို့ ဖုန်းဆက်သွယ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထရမ့်ကမူ မာဒူရိုနှင့် ပတ်သက်နေသည့် ဗင်နီဇွဲလား၏ Cartel de los Soles မူးယစ်ဆေးဝါးဂိုဏ်းကို နှိမ်နင်းရန် မြေပြင်စစ်ဆင်ရေး ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

မာဒူရိုနှင့် ၎င်း၏ အစိုးရအဖွဲ့ကမူ မည်သည့် ရာဇဝတ်မှု အဖွဲ့အစည်းများနှင့်မှ ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။

ထရမ့်နှင့် ဖုန်းပြောချိန်တွင် မာဒူရိုက ၎င်းအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများအားလုံးကို ရုပ်သိမ်းရန်၊ နိုင်ငံ တကာ ရာဇဝတ်တရားရုံး (ICC) သို့ တင်ထားသည့် ၎င်း၏ အမှုကို အဆုံးသတ်ရန် အပါအဝင် ၎င်းနှင့် ၎င်း၏ မိသားစုဝင်များသည် အပြည့်အဝ တရားဝင် လွတ်ငြိမ်းခွင့် ရရှိမည်ဆိုပါက ဗင်နီဇွဲလားနိုင်ငံမှ ထွက်ခွာရန် ဆန္ဒရှိကြောင်း ထရမ့်ကို ပြောခဲ့သည်ဟု သတင်းရင်းမြစ် ၃ ခုက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ထို့ပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု သို့မဟုတ် အဂတိလိုက်စားမှုများတွင် ပါဝင်သည်ဟု စွပ်စွဲခံထားရသည့် ဗင်နီဇွဲလား အစိုးရအရာရှိ ၁၀၀ ကျော်ကို ချမှတ်ထားသော  ပိတ်ဆို့မှုများ ကိုလည်း ဖယ်ရှားပေးရန် မာဒူရိုက တောင်းဆိုခဲ့သည်။

ထို့နောက် ရွေးကောက်ပွဲအသစ် မပြုလုပ်မီ ဒုတိယသမ္မတ ဒဲလ်စီ ရိုဒရီဂုဇ် (Delcy Rodriguez) က ယာယီသမ္မတ အဖြစ် အစိုးရအဖွဲ့ကို ဦးဆောင်လိမ့်မည်ဟု မာဒူရိုက ထရမ့်ကို ပြောကြားခဲ့သည်။

ထရမ့်ကမူ မာဒူရို၏ တောင်းဆိုချက် အများစုကို ငြင်းပယ်ခဲ့သော်လည်း မာဒူရိုနှင့် ၎င်း၏ မိသားစုအား ဗင်နီဇွဲလားမှ ထွက်ခွာပြီး ၎င်းတို့ရွေးချယ်ထားသည့် နိုင်ငံတစ်နိုင်ငံသို့ သွားရောက်ရန် အချိန် ၁ ပတ် ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရင်းမြစ် ၂ ခုက ပြောကြားခဲ့သည်။

သို့သော် မာဒူရိုအား ဘေးကင်းစွာ ထွက်ခွာခွင့် ပေးခဲ့သည့် အချိန် ၁ ပတ်သည် နိုဝင်ဘာ ၂၈ ရက်က သက်တမ်း ကုန်ခဲ့သဖြင့် ထရမ့်က ဗင်နီဇွဲလား လေပိုင်နက်ကို ပိတ်ထားပြီဖြစ်ကြောင်း နိုဝင်ဘာ ၂၉ ရက်တွင် သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

Source: ရိုက်တာ