CNI International News

ဘေရွတ်၊ ဒီဇင်ဘာ ၃

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) ၏ အစိုးရအဖွဲ့က ဒီဇင်ဘာ ၃၁ ရက်ကို နောက်ဆုံးထားပြီး ဟစ်ဇ်ဘိုလာအဖွဲ့ကို လက်နက်ဖြုတ်သိမ်းရန် နောက်ဆုံးရက် သတ်မှတ်ခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

သို့သော် လက်ဘနွန်အစိုးရ အနေဖြင့် အစ္စရေး သတ်မှတ်ထားသည့် နောက်ဆုံးရက် မတိုင်မီ ဟစ်ဇ်ဘိုလာအဖွဲ့ကို လက်နက်ဖြုတ်သိမ်းနိုင်ခြေ ရှိ/မရှိ မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။

အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ် (Israel Katz) ကလည်း ဟစ်ဇ်ဘိုလာအဖွဲ့ အနေဖြင့် လက်နက် ဖြုတ်သိမ်းရန် သဘောမတူပါက လက်ဘနွန်ကို စစ်ရေးဖြင့် အရေးယူမည်ဟု ပြီးခဲ့သည့် သီတင်းပတ်က သတိပေး ခဲ့သည်။

ထို့ကြောင့် အစ္စရေးသည် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်သည့် စစ်ပွဲ အသစ်တစ်ခု ဆင်နွှဲမည့် အခြေအနေအတွက် ပြင်ဆင်နေကြောင်းကို မီးမောင်းထိုး ပြသရာ ရောက်ခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့အလံကို တွေ့ရစဉ်

"အစ္စရေးအနေနဲ့ နိုင်ငံမြောက်ပိုင်းနယ်စပ်မှာ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်တွေ တည်ရှိနေမှာကို လုံးဝလက်ခံမှာ မဟုတ်ပါဘူး။ အတိတ်ကာလက နိုင်ငံတကာ ကြေညာချက်တွေနဲ့အညီ ဟစ်ဇ်ဘိုလာအဖွဲ့ဟာ အလုံးစုံ လက်နက် ချရပါမယ်။ ဟစ်ဇ်ဘိုလာအဖွဲ့ အနေနဲ့ မလိုက်နာဘူးဆိုရင်တော့ အစ္စရေးက အင်အားသုံး လုပ်ဆောင်ရပါမယ်" ဟု ကက်ဇ်က ပြောကြားခဲ့သည်။

ထို့ပြင် အစ္စရေးအစိုးရသည် နိုင်ငံမြောက်ပိုင်း နယ်စပ်အနီး နေထိုင်သည့် ဒေသခံများကို ခြိမ်းခြောက်မှုများ အောက်တွင် နေခွင့်ပြုမည် မဟုတ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာကြား ၂၀၂၄ ခုနှစ်ကုန်ပိုင်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိထားသည့်တိုင် မကြာသေးမီ လများအတွင်း တင်းမာမှုများ မြင့်တက်ခဲ့သည်။

အစ္စရေးကမူ ဟစ်ဇ်ဘိုလာအဖွဲ့သည် စစ်ရေး စွမ်းဆောင်ရည်များကို ပြန်လည် တည်ဆောက်နေကြောင်း စွပ်စွဲခဲ့ သည်။

ထို့နောက် ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း အစ္စရေးသည် လေကြောင်းတိုက်ခိုက်မှုများ၊ ဒရုန်းများ ဝင်ရောက်ပျံသန်း မှုများ၊ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လက်ဘနွန်နိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက် နေကြောင်း ပြန်လည်စွပ်စွဲခဲ့သည်။

အစ္စရေးကာကွယ်ရေးဝန်ကြီး ကက်ဇ်ကမူ လက်ဘနွန်သမ္မတ မိုက်ကယ် အာရွန် (Michel Aoun) နှင့် လက်ဘနွန် အစိုးရအဖွဲ့သည် ဟစ်ဇ်ဘိုလာအဖွဲ့အား လက်နက်ဖြုတ်သိမ်းရန် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း စွပ်စွဲခဲ့သည်။

Source: South China Morning Post