CNI International News

ဂျေရုဆလင်၊ ဇွန်လ ၂

အစ္စရေးစစ်တပ်သည် လက်ဘနွန်တောင်ပိုင်းရှိ မဟာဗျူဟာမြောက် ခရူးဆိတ် စစ်ပွဲကာလက ခံတပ်ဟောင်း ရဲတိုက်ကို သိမ်းပိုက်ခဲ့ကြောင်း CNN မှ ဖော်ပြခဲ့သည်။

ထို့နောက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu)က လက်ဘနွန်နိုင်ငံအတွင်း စစ်ဆင် ရေးကို ပိုမို တိုးမြှင့်လုပ်ဆောင်ရန် တပ်ဖွဲ့ဝင်များကို ညွှန်ကြားခဲ့သည်။

အစ္စရေးတပ်ဖွဲ့များသည် အစ္စရေးနယ်စပ်မှ ၉ မိုင် (၁၄ ဒသမ ၅ ကီလိုမီတာ) ခန့် ကွာဝေးသော နာဘာတီးယား (Nabatiyeh) မြို့အနီးရှိ ဘူးဖော့ ခံတပ်(Beaufort Castle) ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

“ဒီစစ်ဆင်ရေးက ဘူးဖော့တောင်ကြော (Beaufort Ridge) နဲ့ ဝါဒီ အယ်လ်-ဆာလူကီ (Wadi al-Saluki) ဒေသ တွေကို စစ်ရေးအရ ထိန်းချုပ်နိုင်ဖို့ အဓိက ဦးတည်ထားတာ ဖြစ်ပါတယ်”ဟု အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က မေလ ၃၁ ရက်တွင် ကြေညာခဲ့သည်။

ထိုဒေသများတွင်ရှိသည့် ဟစ်ဇ်ဘိုလာအဖွဲ့၏ အခြေခံ အဆောက်အအုံများကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ထား ကြောင်းလည်း အစ္စရေးစစ်တပ်က  ဖြည့်စွက်ဖော်ပြခဲ့သည်။

အစ္စရေးသိမ်းပိုက်လိုက်တဲ့ ခံတပ်ဟောင်းကို တွေ့ရစဉ်

လွန်ခဲ့သော နှစ်ပေါင်း ၉၀၀ ခန့်က ခရူးဆိတ် စစ်သည်များက လီတာနီမြစ် (Litani River) ကို အပေါ်စီးမှ မြင်တွေ့နိုင်သည့် မြင့်မားသော ကျောက်ဆောင် ကမ်းပါးယံပေါ်တွင် တည်ဆောက်ခဲ့သည့် ထိုခံတပ်သည် လက်ဘနွန်တောင်ပိုင်း၏ မဟာဗျူဟာမြောက် နယ်မြေတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

ယခင်က ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွင်းကလည်း အစ္စရေးတပ်ဖွဲ့များသည် ထိုခံတပ်ကို အကြိမ်ကြိမ် သိမ်းပိုက်ခဲ့ဖူးပြီး ယခုအကြိမ် မတိုင်မီ လွန်ခဲ့သည့် ၂၆ နှစ်က နောက်ဆုံးအကြိမ်အဖြစ် ထိန်းချုပ်ခဲ့ဖူးသည်။

“စစ်ဆင်ရေးကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်အတောအတွင်းမှာ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ရဲ့ မြေပြင်တပ်သား အမြောက်အမြားဟာ ရှေ့တန်း ကာကွယ်ရေးစည်းကို တိုးချဲ့ဖို့ ရည်ရွယ် တဲ့ ထိုးစစ်ဆင်မှုတွေကို စတင် လုပ်ဆောင်ခဲ့ကြပါတယ်”ဟု IDF က ထုတ်ပြန်ခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ မေလ ၃၁ ရက်တွင် စစ်တပ်၏ စစ်ဆင်ရေးကို ချီးကျူးဂုဏ်ပြုခဲ့သည်။

“ကျနော်တို့ရဲ့ ရဲစွမ်းသတ္တိရှိတဲ့ စစ်သားတွေဟာ ဘူးဖော့ရှေ့တန်း စခန်းကို သိမ်းပိုက်နိုင်ခဲ့ပါပြီ။ သူတို့ဟာ အဲဒီ နေရာမှာ အစ္စရေး နိုင်ငံတော်အလံနဲ့ ဂိုလာနီတပ်မဟာ (Golani Brigade) ရဲ့ အလံကို ဂုဏ်ယူဝင့်ကြွားစွာ လွှင့်ထူ နိုင်ခဲ့ကြပါတယ်” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

ဘူးဖော့ခံတပ်ကို အလယ်ခေတ် ခံတပ်များအနက် မူလလက်ရာ အကောင်းဆုံး ထိန်းသိမ်းထားနိုင်သည့် စံပြ ပြယုဂ်တစ်ခုအဖြစ် ယူနက်စကို (UNESCO) က တင်စားဖော်ပြထားသည်။

Source: CNN