CNI International News

နယူးဒေလီ၊ ဇွန်လ ၂

ပြီးခဲ့သည့် လအနည်းငယ်အတွင်း အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များသည် မော်ဝါဒီသူပုန်အဖွဲ့၏ ခေါင်းဆောင် အများ အပြားကို ရှင်းလင်းနိုင်ခဲ့ပြီး အောက်ခြေအဆင့် ရဲဘော်များကလည်း လက်နက်ချကာ အလင်းဝင်လာခဲ့ကြောင်း CNN မှ ဖော်ပြခဲ့သည်။

တစ်ဖက်တွင်လည်း အိန္ဒိယ၏ အရင်းရှင် စီးပွားရေးစနစ်သည် အရှိန်အဟုန်ဖြင့် တိုးတက်နေပြီး အာဏာရ ဟိန္ဒူအမျိုးသားရေးဝါဒီ အစိုးရသည်လည်း ပြည်တွင်းရှိ လက်ဝဲအုပ်စု အတိုက်အခံများကို ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။

အိန္ဒိယအစိုးရကမူ ယခုနှစ်အတွင်း မော်ဝါဒီသူပုန်များကို အမြစ်ပြတ် တိုက်ဖျက် ချေမှုန်းသွားမည်ဟု ကြွေးကြော် ထားသည်။

မတ်လအတွင်းက မော်ဝါဒီသူပုန် ၁၈ ဦး အလင်းဝင်လာခဲ့ပြီး အိန္ဒိယအစိုးရက ၎င်းတို့ကို မီဒီယာများနှင့် တွေ့ဆုံ ပေးခဲ့သည်။

အလင်းဝင်လာသည့် မော်ဝါဒီသူပုန်များ၏ နောက်ကျောဘက်ရှိ ပိုစတာကြီးတွင်မူ အင်္ဂလိပ်နှင့် ဟင်ဒီဘာသာ စကားတို့ဖြင့် “လူ့ဘောင်အဖွဲ့အစည်းထဲသို့ ပြန်လည်ဝင်ရောက်လာခြင်း” ဟု ရေးသားထားသည်။

အိန္ဒိယမော်ဝါဒီ သူပုန်တချို့ အလင်းဝင်လာစဉ်

၎င်းတို့ လက်နက်ချပြီး ပေးအပ်ခဲ့သည့် ခေတ်ဟောင်း လက်နက်များကို ပြသထားသလို၊ စားပွဲများပေါ်ရှိ ကျည်ကတ်များကို ဟင်ဒီဘာသာစကားဖြင့် “သန့်ရှင်းသော ကတိသစ္စာ”ဟု အဓိပ္ပာယ်ရသည့် စာလုံးပုံစံဖြင့် ပုံဖော်ပြသထားသည်။

အိန္ဒိယနိုင်ငံတွင် မော်ဝါဒီ သူပုန်များကို အခြားအမည် တစ်ခုဖြစ်သော “နက်ဆယ်လ်”(Naxals) ဟူသည့် အမည်ဖြင့်လည်း လူသိများကြသည်။

နက်ဆယ်လ် ဟူသည့် အမည်သည် ၁၉၆၇ ခုနှစ်က အိန္ဒိယအရှေ့မြောက်ပိုင်း ဟိမဝန္တာတောင်ခြေအနီးရှိ နက်ဆယ်လ်ဘာရီ (Naxalbari) ကျေးရွာတွင် ဖိနှိပ်ချုပ်ချယ်သော မြေရှင်ကြီးများကို ဆန့်ကျင်တော်လှန်ခဲ့သည့် လယ်သမားများ၏ အကြမ်းဖက် ပုန်ကန်မှုမှ ဆင်းသက်လာခြင်း ဖြစ်သည်။

ထိုပုန်ကန်မှု၏ အောင်မြင်မှုသည် အခြား လက်နက်ကိုင် တော်လှန်မှုများစွာကို ဖြစ်ပေါ်စေရန် လှုံ့ဆော်ပေးနိုင်ခဲ့ သည်။

၁၉၇၀ ပြည့်နှစ်တွင် မော်စီတုန်း (Mao Zedong) အစိုးရ၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည့် သတင်းစာ ဖြစ် သော Peking Review က အိန္ဒိယလယ်သမားများသည် မော်စီတုန်း အတွေးအခေါ်ကို လိုက်နာကျင့်သုံးနေကြပြီး ပဒေသရာဇ် ထောက်တိုင်များကို ရိုက်ချိုးကာ ဖိနှိပ်ချုပ်ချယ်သည့် မင်းဆိုးမင်းညစ်စနစ်အား ဖြုတ်ချနိုင်ခဲ့ ကြသည်ဟု ထောက်ခံအားပေးသည့် သဘောဖြင့် ရေးသားဖော်ပြခဲ့သည်။

အိန္ဒိယမော်ဝါဒီ သူပုန်များကို တွေ့ရစဉ်

သို့သော် တရုတ်အစိုးရသည် နက်ဆယ်လ်သူပုန်များကို လက်နက်များ တိုက်ရိုက် ထောက်ပံ့ပေးခဲ့သည့် အဆင့်အထိ ရောက်ရှိခဲ့ဖွယ်မရှိပေ။

ပြည်ထဲရေးဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ ၂၀၀၇ ခုနှစ်တွင် နက်ဆယ်လ်သူပုန်များသည် အိန္ဒိယနိုင်ငံတစ်ဝန်း စတုရန်းကီလိုမီတာ ၉၂,၀၀၀ ခန့် (အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်၏ အကျယ်အဝန်းနီးပါး) ရှိသော နယ်မြေများအပေါ် ဩဇာလွှမ်းမိုးထားနိုင်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ဝန်ကြီးချုပ် မန်မိုဟန်ဆင်း (Manmohan Singh) က နက်ဆယ်လ် (Naxals) သူပုန်များကို အိန္ဒိယနိုင်ငံအတွက် အကြီးမားဆုံး ပြည်တွင်းလုံခြုံရေး စိန်ခေါ်မှုဖြစ်ကြောင်း ကြေညာခဲ့သည်။

ထို့နောက် လက်ရှိ ဝန်ကြီးချုပ် မိုဒီ (Narendra Modi) လက်ထက်တွင် နက်ဆယ်လ်သူပုန်များကို အပြင်းအထန် နှိမ်နင်းခဲ့ပြီးနောက် မတ်လအတွင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ရှား (Amit Shah) က နက်ဆယ်လ်ဝါဒကို ဆန့်ကျင်တိုက်ခိုက်သည့် တိုက်ပွဲတွင် အနိုင်ရရှိသွားပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

Source: CNN