CNI International News

နယူးဒေလီ၊ ဇွန်လ ၃

မြန်မာနိုင်ငံအတွင်း လှုပ်ရှားနေသော အိန္ဒိယသူပုန်အဖွဲ့များသည် အိန္ဒိယနိုင်ငံ၏ လုံခြုံရေးအား ခြိမ်းခြောက်မှု ဖြစ်မလာစေရန် နှိမ်နင်းရန် လိုအပ်တာမှန်သမျှ အားလုံးကို လုပ်ဆောင်သွားမည်ဟု မြန်မာနိုင်ငံဘက်က အိန္ဒိယ ကို ဇွန်လ ၁ ရက်တွင် ကတိပြုခဲ့ကြောင်း ANI မှ ဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံ၏ နယူးဒေလီမြို့တော်ရှိ ဟိုက်ဒရာဘတ် အိမ်တော် (Hyderabad House) တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) နှင့် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်တို့ကြား ပြုလုပ် ခဲ့သည့် ထိပ်သီးအဆင့် ဆွေးနွေးပွဲအတွင်း ယခုကဲ့သို့ အရေးပါသော ကတိကဝတ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မေလ ၃၀ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ လေးရက်ကြာ အိန္ဒိယနိုင်ငံ ခရီးစဉ်အဖြစ် ရောက်ရှိခဲ့ခြင်းသည်။

ထိုခရီးစဉ်နှင့် ပတ်သက်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ဗစ်ကရမ် မစ်ဆရီ (Vikram Misri) က မီဒီယာများကို ရှင်းလင်း ပြောကြားရာတွင် ဝန်ကြီးချုပ် မိုဒီ အနေဖြင့် မြန်မာသမ္မတနှင့် ဆွေးနွေးခဲ့ချိန်အတွင်း နယ်စပ်ဖြတ်ကျော် သူပုန်လှုပ်ရှားမှုများ အရေးကိစ္စကို အလေးထား ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ဗစ်ကရမ် မစ်ဆရီကို တွေ့ရစဉ်

“ကျနော်တို့ နယ်စပ်နဲ့ နီးကပ်တဲ့ မြန်မာနိုင်ငံအတွင်းက အိန္ဒိယသူပုန်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ အလွန်အရေးကြီးတဲ့ မေးခွန်းရှိနေပါတယ်။ ဒါဟာ ဝန်ကြီးချုပ်က မြန်မာသမ္မတနဲ့အတူ ထပ်မံဆွေးနွေးခဲ့တဲ့ အချက်လည်း ဖြစ်ပါတယ်” ဟု မစ်ဆရီက ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံအနေနဲ့ ဒီလိုစိုးရိမ် ပူပန်မှုတွေအပေါ် စာနာနားလည်မှုရှိပြီး အဲဒီသူပုန်အဖွဲ့တွေကို အရေးယူ ဆောင် ရွက်ဖို့နဲ့ သူပုန်အဖွဲ့တွေဟာ အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ အကြောင်းအရင်းတစ်ခု ဖြစ်မလာစေဖို့ အတွက် လိုအပ်တာမှန်သမျှ အားလုံးကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း သမ္မတ ဦးမင်းအောင်လှိုင်က နောက် တစ်ကြိမ် ကတိပြုခဲ့ပါတယ်”ဟု မစ်ဆရီက ဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းလုံခြုံရေး အခြေအနေနှင့်ပတ်သက်ပြီး မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များအကြား နယ်စပ်ဒေသများတွင် လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများအရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ကို ရှေ့ဆက်နိုင်ရန်အတွက် နိုင်ငံတော်၏ ကြိုးပမ်းအားထုတ်မှုများသည် အဓိကကျသည့် အချက်များဖြစ် ကြောင်း ၎င်းက ဆိုသည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ တွေ့ဆုံ ဆွေးနွေးကြစဉ်

ကျယ်ပြန့်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်နိုင်ရန်အတွက် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးပုံစံ တွင် လိုအပ်လာနိုင်သော ပြောင်းလဲမှုများအား ထိုငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှတစ်ဆင့် ရှာဖွေရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း မစ်ဆရီက ပြောကြားခဲ့သည်။

“ပြည်တွင်းလုံခြုံရေးရဲ့ အသွင်သဏ္ဌာန် တစ်ခုကတော့ နိုင်ငံရဲ့ မတူညီတဲ့ဒေသတွေ၊ အထူးသဖြင့် နယ်စပ် အနီး ဝန်းကျင်ဒေသတွေမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေပဲ ဖြစ်ပါတယ်။ အခြား ရှုထောင့် တစ်ခုကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ဆက်နိုင်ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစုအဖွဲ့အားလုံးကို တစ်စုတစ်စည်းတည်း ခေါ်ဆောင်လာဖို့ မြန်မာအစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုပဲ ဖြစ်ပါတယ်”ဟု မစ်ဆရီက ပြောကြားခဲ့သည်။

၁၆၄၃ ကီလိုမီတာ ထိစပ်နေသည့် မြန်မာ-အန္ဒိယ နယ်စပ်တစ်လျှောက် နေထိုင်ကြသည့် ပြည်သူများ၏ ဘေးကင်း လုံခြုံရေး၊ အရှေ့တောင်အာရှသို့ ဒေသတွင်း ချိတ်ဆက်မှု၏ အရေးပါပုံ၊ မြန်မာ့အရေးနှင့် အာဆီယံ၏ စည်းလုံး ညီညွတ်မှုတို့ကို ထည့်သွင်းစဉ်းစားပါက မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးသည် အိန္ဒိယအတွက် အဓိက အကျိုး စီးပွား တစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Source: ANI