CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၈
အိန္ဒိယနိုင်ငံနှင့် နိုင်ငံသားများ၏ မြန်မာနိုင်ငံအပေါ် သမာသမတ်ကျစွာ ထောက်ခံရပ်တည်ပေးမှုသည် တန်ဖိုး မဖြတ်နိုင်သည့် အိမ်နီးချင်း ညီအစ်ကို စိတ်ဓာတ်များဖြစ်၍ မိမိအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူကြောင်း နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်က ကျရောက်ခဲ့သည့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ မွေးနေ့ဆုတောင်း ပေးပို့သော ရုပ်သံဖိုင်တွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “အဆွေတော်အနေနဲ့ အိန္ဒိယနိုင်ငံအတွက် နိုင်ငံတာဝန်အဆင့်ဆင့် စတင် တာဝန် ထမ်းဆောင်စဉ်ကစပြီး အိန္ဒိယ ပြည်သူတွေရဲ့ လူမှုစီးပွားတိုးတက်အောင် အိန္ဒိယနိုင်ငံကြီးကို ကမ္ဘာထိပ် တန်း နိုင်ငံဖြစ်အောင် ပိုပြီးစည်းလုံး ညီညွတ်တဲ့ အိန္ဒိယနိုင်ငံကြီးဖြစ်အောင် ကြိုးစားဆောင်ရွက်မှု ပေးနိုင်ခဲ့တဲ့ အပေါ်မှာလည်း ဝမ်းမြောက်စွာ ဂုဏ်ပြု အပ်ပါတယ်။ အဆွေတော် အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ အိန္ဒိယနိုင်ငံ များ ဖြစ်တဲ့အပြင် ရှေးအစဉ်အဆက် နှစ်ထောင်ချီပြီး ဆက်သွယ်ဆက်ဆံမှု သမိုင်းရှိခဲ့တဲ့ နိုင်ငံများဖြစ်ပါတယ်။ အစိုးရအချင်းချင်း ဆက်ဆံရေးသာမက အိန္ဒိယနိုင်ငံသားများနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ပြည်သူအချင်းချင်း ဆက်ဆံရေးဟာ မိတ်ဆွေရင်းခြာ နိုင်ငံများ ဖြစ်ကြပါတယ်။ အဆွေတော် ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေး အပြောင်း အလဲတွေ သဘာဝဘေးအန္တရာယ် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အဆွေတော်နဲ့ အိန္ဒိယနိုင်ငံသားများရဲ့ စာနာနားလည်မှု မြန်မာနိုင်ငံအပေါ် သမာသမတ်ကျစွာ ထောက်ခံ ရပ်တည်ပေးမှုတို့ဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အိမ်နီးချင်း ညီအစ်ကို စိတ်ဓာတ်များ ဖြစ်တဲ့ အတွက်ကြောင့် ကျနော့်အနေနဲ့ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်”ဟု ပြောသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁ ရက်က တရုတ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ တွေ့ဆုံစဉ်
အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် ၁၉၅၀ ပြည့်နှစ် စက်တင်ဘာ ၁၇ ရက်တွင် မွေးဖွားခဲ့ပြီး ယနေ့၌ အသက် ၇၅ နှစ်ပြည့် မွေးနေ့ပွဲကို ကျင်းပခဲ့ရာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှား၊ ဗြိတိန် နိုင်ငံတို့နှင့်အတူ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်သည် မွေးနေ့ဆုတောင်းစကားများ ပေးပို့ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့သည် ၂၀၂၅ ခုနှစ်၊ ဧပြီ ၄ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေး တက်ရောက်စဉ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ထို့နောက် တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးမှု နောက်ပိုင်းတွင် အိန္ဒိယ-မြန်မာ ဆက်ဆံရေး တိုးတက်လာသလို အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ တပ်မတော်ကြား ဆက်ဆံရေး တိုးတက်လာသည်ကို တွေ့ရသည်။