CNI International News
ဝါရှင်တန်၊ စက်တင်ဘာ ၁၈
နေတိုးအဖွဲ့ဝင် နိုင်ငံများအားလုံး အနေဖြင့် ရုရှားထံမှ ရေနံများနှင့် ဓာတ်ငွေ့များကို ဝယ်ယူမှု ရပ်တန့်ခဲ့မည်ဆို ပါက ရုရှားကို ပိတ်ဆို့မှုများ ချမှတ်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ထရမ့်သည် ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး နေတိုးမဟာမိတ်များထံ ရေးသား ပေးပို့ခဲ့သည့်စာကို ပြီးခဲ့သည့် သီတင်းပတ်က Truth Social လူမှုမီဒီယာတွင် တင်ခဲ့သည်။
နေတိုးအဖွဲ့ဝင် နိုင်ငံများသည် ရုရှားထံမှ ရေနံနှင့် ဓာတ်ငွေ့များ ဆက်လက် ဝယ်ယူနေခြင်းအားဖြင့် ယူကရိန်းတွင် စစ်ပွဲဆင်နွှဲနေသော ရုရှားနှင့် ဆက်ဆံမှုများ ပြုလုပ်ရာတွင် အသာစီးမရဘဲ အလျှော့ပေးရမည့် အနေအထားသို့ ရောက်ရှိသွားစေနိုင်သည်ဟု ထရမ့်က ပြောကြားခဲ့သည်။
ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
ထို့ပြင် နေတိုးအဖွဲ့ဝင် နိုင်ငံအားလုံး အနေဖြင့် ရုရှားရေနံများကို ဝယ်ယူမှု ရပ်တန့်ခဲ့မည်ဆိုပါက ရုရှားအပေါ် အကြီးစား ပိတ်ဆို့မှုများ ချမှတ်ရန် အသင့်ရှိကြောင်း ထရမ့်က ပြောကြားခဲ့သည်။
သို့သော် နေတိုးအဖွဲ့၏ ဥရောပနိုင်ငံများက ထရမ့်၏ ပြောကြားချက်များကို အလုံးစုံ လက်ခံဖွယ် မရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အထူးသဖြင့် ဟန်ဂေရီနှင့် ဆလိုဗက်ကီးယားသည် ရုရှားထံမှ စွမ်းအင်များကို မှီခိုနေရသဖြင့် ထိုနိုင်ငံများကို စည်းရုံးသိမ်းသွင်းရန် ဥရောပသမဂ္ဂ အရာရှိများသည် အခက်အခဲနှင့် ရင်ဆိုင်နေရသည်။
ဟန်ဂေရီနှင့် ဆလိုဗက်ကီးယားသည် ထရမ့်နှင့်သာမက ရုရှားသမ္မတ ပူတင်နှင့်ပါ ရင်းနှီးသည့် ဆက်ဆံရေး ရှိနေသဖြင့် ရုရှားထံမှ ရေနံများ ဝယ်ယူမှုကို ရပ်တန့်ဖွယ်မရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဟန်ဂေရီခေါင်းဆောင်ကို တွေ့ရစဉ်
"ဥရောပသမဂ္ဂဟာ ရုရှားဆီက ရေနံဝယ်ယူမှုကို သိသိသာသာ လျှော့ချခဲ့ပြီးပါပြီ။ ထရမ့် အနေနဲ့ ဥရောပသမဂ္ဂကို ရုရှားဆီက ရေနံဝယ်ယူမှုတွေ အလုံးစုံ ရပ်တန့်စေချင်တယ်ဆိုရင် မဟာမိတ်နိုင်ငံတွေအတွက် ကောင်းမွန်တဲ့ အစီအစဉ်တွေကို ချပြပေးစေချင်ပါတယ်။ အခုထိတော့ သူ့ဘက်က အစီအစဉ်တစ်ခုကိုမှ မမြင်ရ
သေးပါဘူး" ဟု ဥရောပပြုပြင်ပြောင်းလဲရေးစင်တာ၏ လက်ထောက်ညွှန်ကြားရေးမှူး အီယန် ဘွန်း (Ian Bond) က ပြောကြားခဲ့ သည်။
ထို့ပြင် နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်သည့် တူရကီနိုင်ငံသည်လည်း ရုရှားထံမှ ရေနံဝယ်ယူမှုကို ရပ်တန့်မည့် အရိပ် လက္ခဏာမရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်ကစပြီး တူရကီသည် တရုတ်နှင့် အိန္ဒိယပြီးလျှင် ရုရှားထံမှ ရေနံများကို တတိယအများဆုံး ဝယ်ယူ သည့် နိုင်ငံဖြစ်လာကြောင်း စွမ်းအင်နှင့် သန့်ရှင်းသည့် လေထုသုတေသနစင်တာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ သည်။
Source: DW