CNI International News

ဟောင်ကောင်၊ စက်တင်ဘာ ၁၈

တရုတ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ၂၀၁၅ ခုနှစ် စစ်ရေးပြ အခမ်းအနားနှင့် ၂၀၁၉ ခုနှစ် စစ်ရေးပြ အခမ်းအနားများ တွင် စစ်တပ်၏ ထိပ်သီးအရာရှိများက အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သော်လည်း ယခုလအစောပိုင်း၌ ပြုလုပ်ခဲ့ သည့် စစ်ရေးပြ အခမ်းအနားတွင်မူ ဗိုလ်ချုပ်ကြီးနှင့် ဗိုလ်ချုပ်အဆင့် အရာရှိများ ပါဝင်ခဲ့ခြင်းမရှိဘဲ ပျောက်ကွယ် နေကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

တရုတ်တွင် ၂၀၁၅ ခုနှစ်က ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည့် အောင်ပွဲနေ့ စစ်ရေးပြ အခမ်းအနားတွင်မူ စစ် ဗိုလ်ချုပ်ပေါင်း ၅၀ ကျော်သည်  စစ်သားများနှင့်အတူ ဘေဂျင်းမြို့တော် အလယ်ပိုင်းရှိ ချန်အန်း ရိပ်သာလမ်း (Changan Avenue) တစ်လျှောက် ချီတက်ခဲ့ကြသည်။

ထိုစစ်ရေးပြ အခမ်းအနားအတွင်း စစ်ဗိုလ်ချုပ်များသည် တီအန်မင် (Tiananmen) ရင်ပြင်ရှေ့မှ ဖြတ်ပြီး လမ်းလျှောက် ချီတက်ရင်း သမ္မတရှီကျင့်ဖျင် (Xi Jinping) နှင့် အခြားခေါင်းဆောင်များကို အလေးပြုခဲ့ကြသည်။

တရုတ်စစ်ရေးပြ အခမ်းအနား တီယန်မင်ရင်ပြင်မှာ လုပ်နေစဉ်

၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့သည့် အမျိုးသားနေ့ စစ်ရေးပြ အခမ်းအနားတွင်လည်း တရုတ် စစ်ဗိုလ်ချုပ်များသည် လမ်းလျှောက် ချီတက်မှုတွင် ပါဝင်ခဲ့ကြပြီး လေ့လာသူများသည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ မျိုးဆက်သစ် စစ်ဗိုလ်ချုပ်များကို လေ့လာခွင့်ရခဲ့ကြသည်။

ထိုစစ်ရေးပြ အခမ်းအနားတွင် ဗိုလ်ချုပ်ကြီး (General)အဆင့် ၄ ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး (Lieutenant General) အဆင့် ၂ ဦးနှင့် ဗိုလ်ချုပ် (Major General)အဆင့် ၈၃ ဦး စုစုပေါင်း စစ်ဗိုလ်ချုပ် ၈၉ ဦး ပါဝင်ကြောင်း ကြေညာခဲ့ သည်။

ထို စစ်ဗိုလ်ချုပ်များအနက် တရုတ်၏ စစ်ဌာနချုပ် ၅ ခု (အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ ဗဟို) မှ တပ်မှူးများ လည်း ပါဝင်ခဲ့သည်။

သို့သော် ယခုနှစ် စက်တင်ဘာ ၃ ရက်တွင် ပြုလုပ်ခဲ့သည့် အောင်ပွဲနေ့ စစ်ရေးပြ အခမ်းအနားတွင်မူ ဗိုလ်ချုပ်ကြီး (General)အဆင့် ထိပ်သီးအရာရှိများကို မြင်တွေ့ခဲ့ရခြင်း မရှိကြောင်း South China Morning Post မှ ဖော်ပြခဲ့ သည်။

 တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ် 

ဗိုလ်ချုပ်ကြီး (General) အဆင့် အရာရှိများအစား ဗိုလ်မှူးကြီး (colonel) များက စစ်ရေးပြ အခမ်းအနားတွင် လမ်းလျှောက် ချီတက်ခြင်း၊ မော်တော်ယာဉ် တန်းများပေါ်တွင် လိုက်ပါခြင်းတို့ကို တွေ့ခဲ့ရကာ အစီအစဉ် ကြေညာသူကလည်း ထိုအရာရှိများကို မည်သူမည်ဝါဖြစ်ကြောင်း ကြေညာခဲ့ခြင်းမရှိပေ။

တရုတ်၏ နိုင်ငံရေးသိပ္ပံပညာရှင် တစ်ဦးကမူ ထိုကဲ့သို့ အပြောင်းအလဲများသည် PLA ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၏ ရလဒ်တစ်ခု ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

"မကြာသေးခင်က တရုတ်ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်ဟာ စစ်တပ်အပေါ်ကို သက်ရောက်မှု အရမ်း ရှိခဲ့ပါတယ်။ စုံစမ်းစစ်ဆေးခံနေရတဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ ဆက်နွှယ်နေတယ်လို့ ယူဆရတဲ့ ဗိုလ်ချုပ်တွေ အများကြီး ရှိနိုင်ပါတယ်။ တရုတ်ကလည်း အဲဒီစစ်ရေးပြ အခမ်းအနားကို ဗိုလ်ချုပ်တွေကို ဦးဆောင်ခိုင်းဖို့ တွန့်ဆုတ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်" ဟု အမည်မဖော်လိုသည့် နိုင်ရေးသိပ္ပံပညာရှင်တစ်ဦးက ပြောကြားခဲ့ သည်။

Source: South China Morning Post