CNI International News

ဘေဂျင်း၊ ဒီဇင်ဘာ ၄

တရုတ်စစ်တပ်သည် နိုင်ငံရေးကျင့်ဝတ်နှင့် ကွန်မြူနစ်ပါတီအပေါ် သစ္စာစောင့်သိမှုကို ပိုမိုတင်းကျပ်ရန်အတွက် စည်းကမ်းသစ်များ ထုတ်ပြန်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ထို့ပြင် မှားယွင်းသည့် နိုင်ငံရေး သဘောထားများ၊ မသင့်တော်သည့် မှတ်ချက်စကားများနှင့် အတုအယောင် တိုက်ခိုက်ရေး စွမ်းဆောင်ရည်များကိုလည်း နှိမ်နင်းသွားမည်ဟု တရုတ်စစ်တပ်က ကတိပြုခဲ့သည်။

ကွန်မြူနစ်ပါတီ၏ ကျင့်ဝတ်စည်းကမ်းများ အကောင်အထည်ဖော်မှုတွင် ဖြည့်စွက်စည်းမျဉ်း အသစ်များသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက်ဝင်မည်ဖြစ်သည်။

မကြာသေးမီ လများအတွင်းက တရုတ်စစ်တပ်၏ ထိပ်သီး ဗိုလ်ချုပ်များကို ထုတ်ပယ်ခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ယခုစည်းမျဉ်းအသစ်များအား ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

တရုတ်စစ်တပ်ကိုတွေ့ရစဉ်

ဒီဇင်ဘာ ၁ ရက်၌ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ PLA Daily သတင်းစာတွင် စည်းမျဉ်းအသစ် များသည် နိုင်ငံရေးကျင့်ဝတ်နှင့် စည်းကမ်းများကို တင်းကျပ်ရန် ဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

စည်းမျဉ်းများ ပြောင်းလဲမှုအရ မှားယွင်းသည့် နိုင်ငံရေး မှတ်ချက်စကားများကို ပြောကြားမှု၊ ဗဟိုစစ်ကော်မရှင် (CMC)၏ အမိန့်များကို လိုက်နာရန် ပျက်ကွက်မှု၊ CMC ဥက္ကဋ္ဌ၏ ညွှန်ကြားချက်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်မှုတို့ကို ကျင့်ဝတ်စည်းကမ်း ချိုးဖောက်မှုများအဖြစ် ထည့်သွင်းခဲ့သည်။

CMC သည် တရုတ်၏ ထိပ်သီး စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဖြစ်ပြီး CMC ဥက္ကဋ္ဌသည် တရုတ်စစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်သည်။

လက်ရှိတွင် တရုတ်ဗဟိုစစ်ကော်မရှင် (CMC) ဥက္ကဋ္ဌသည် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ဖြစ်သည်။

Source: South China Morning Post