CNI International News

ဝါရှင်တန်၊ ဒီဇင်ဘာ ၄

အမေရိကန်နှင့် ထိုင်ဝမ်ကြား ထိတွေ့ဆက်ဆံမှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပုံမှန်ပြန်လည် သုံးသပ်မည့် ဥပဒေမူကြမ်းတစ်ရပ်အား သမ္မတဒေါ်နယ်ထရမ့် (Donald Trump) က လက်မှတ် ရေးထိုးခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

ထိုင်ဝမ် အရေးနှင့်ပတ်သက်ပြီး ဂျပန်နှင့်တရုတ်ကြား တင်းမာမှုများ ဖြစ်ပွားနေပြီး ထရမ့်သည် မကြာသေးမီက တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping)နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက် ထိုင်ဝမ်နှင့် ဆက်ဆံရေးကို ခိုင်မာစေရန် ဥပဒေမူကြမ်းတစ်ရပ်အား လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

Taiwan Assurance Implementation Act အမည်ရှိ ထိုဥပဒေမူကြမ်းကို ဒီဇင်ဘာ ၂ ရက် မွန်းလွဲပိုင်းက လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုဥပဒေမူကြမ်းအရ အမေရိကန်နှင့် ထိုင်ဝမ် ဆက်ဆံရေးကို နက်ရှိုင်းပြီး ပုံမှန်ထက်ပိုသည့် ဆက်ဆံရေး လမ်းကြောင်းပေါ်တွင် ထားရှိခြင်းဖြစ်သည်။

ထိုဥပဒေမူကြမ်းအရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် အမေရိကန်နှင့် ထိုင်ဝမ်ကြား ဆက်ဆံမှုများ ကို အနည်းဆုံး ၅ နှစ်လျင် ၁ ကြိမ်ခန့် ပြန်လည်သုံးသပ်ရန် လိုအပ်မည်ဖြစ်ပြီး ထိုင်ဝမ်နှင့်ဆက်ဆံရေးကို မည်ကဲ့သို့ ထပ်မံ မြှင့်တင်မည်ဆိုခြင်းကို လွှတ်တော်သို့ ရှင်းလင်းတင်ပြရမည် ဖြစ်သည်။

ထိုင်ဝမ်သမ္မတနဲ့ စစ်တပ်အရာရှိတွေကိုတွေ့ရစဉ်

ထိုင်ဝမ်နှင့်ဆက်ဆံရေး ညွှန်ကြားချက်များဟု လူသိများသည် ထိုစည်းမျဉ်းများအရ တရုတ်၏ "တရုတ်တစ်နိုင်ငံ တည်း" ပေါ်လစီသည် လက်တွေ့တွင် မည်သို့ အလုပ်ဖြစ်သည် ဆိုခြင်းနှင့် အမေရိကန် အစိုးရဌာနများ၊ အေဂျင်စီ များအနေဖြင့် ထိုင်ဝမ်နှင့်ဆက်ဆံရာတွင် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဖော်ပြထားသည်။

ယခင် Taiwan Assurance Act of 2020 ဥပဒေတွင်မူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အမေရိကန်နှင့် ထိုင်ဝမ်ကြား ဆက်ဆံရေးများကို ပုံဖော်သည့် အဆိုပါ လမ်းညွှန်ချက်များကို တစ်ကြိမ်သာ ပြန်လည်သုံးသပ်ရန် လိုအပ်ခဲ့သည်။

ယခု ထရမ့် လက်မှတ် ရေးထိုးလိုက်သည့် ဥပဒေအရ ၅ နှစ်လျှင် တစ်ကြိမ် ပြန်လည်သုံးသပ်ရမည်ဖြစ်သည်။

ထိုင်ဝမ်သမ္မတရုံးကလည်း Taiwan Assurance Implementation Act ဥပဒေကို တရားဝင် လက်မှတ် ရေးထိုး ပေးခဲ့သည့် ထရမ့်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ထိုဥပဒေသည် အမေရိကန်နှင့် ထိုင်ဝမ်ကြား ထိတွေ့ဆက်ဆံမှု၏ တန်ဖိုး၊ ထိုင်ဝမ်-အမေရိကန် ဆက်ဆံရေးများ နှင့် မိမိတို့၏ တူညီသည့် ဒီမိုကရေစီ၊ လွတ်လပ်မှုနှင့် လူ့အခွင့်အရေးတို့အတွက် ခိုင်မာသည့် သင်္ကေတတစ်ခု ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

Source: Nikkei Asia