CNI International News
ဘေဂျင်း၊ မေလ ၁၅
တရုတ်နိုင်ငံမှ ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် ထိုင်ဝမ်အရေးကို ကိုင်တွယ်ဖြေရှင်းရာတွင် မှားယွင်းမှုရှိလျှင် နှစ်နိုင်ငံကြား ပဋိပက္ခများ ဖြစ်ပွားလာနိုင်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping)က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကို သတိပေးခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
“ထိုင်ဝမ်ပြဿနာဟာ တရုတ်-အမေရိကန် ဆက်ဆံရေးမှာ အရေးအကြီးဆုံး ကိစ္စရပ်ဖြစ်ပါတယ်”ဟု ထရမ့်နှင့် ပြုလုပ်သည့် ထိပ်သီး ဆွေးနွေးပွဲတွင် ရှီက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်းဖြစ်သည့် CCTV က ဖော်ပြခဲ့ သည်။
“တကယ်လို့သာ ကိုင်တွယ်ပုံ မှားယွင်းခဲ့မယ်ဆိုရင် နှစ်နိုင်ငံဟာ ထိပ်တိုက်တွေ့တာ ဒါမှမဟုတ် ပဋိပက္ခတွေ ဖြစ်လာနိုင်ပြီး၊ တရုတ်-အမေရိကန် ဆက်ဆံရေး တစ်ခုလုံးကို အလွန်အန္တရာယ်ကြီးတဲ့ အခြေအနေထဲကို တွန်းပို့ လိုက်သလို ဖြစ်သွားပါလိမ့်မယ်”ဟု ရှီက ပြောကြားခဲ့သည်။
အစောပိုင်းတွင် ရှီသည် ထရမ့်ကို တီအန်မင်ရင်ပြင် (Tiananmen Square) ၌ စစ်ရေးပြ အခမ်းအနားဖြင့် ကြိုဆိုခဲ့ပြီး စစ်ရေးပြ ချီတက်မှုများ၊ စစ်တီးဝိုင်းများနှင့် ပန်းများအပြင် တရုတ်နှင့် အမေရိကန် အလံများကို ဝှေ့ယမ်းနေကြသည့် ကလေးငယ်များ ပါဝင်ခဲ့သည်။

သမ္မတ ရှီကျင့်ဖျင်နဲ့ သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
တွေ့ဆုံမှု အစတွင် ရှီက ၎င်းတို့အနေဖြင့် မဟာအင်အားကြီး နိုင်ငံများအကြား ဆက်ဆံရေး ပုံစံသစ် တစ်ရပ်ကို ဖော်ဆောင်နိုင်ခြေ ရှိ/မရှိ ကမ္ဘာကြီးက စောင့်ကြည့်နေကြောင်း ထရမ့်အား ပြောကြားခဲ့သည်။
ပြည်သူ့မဟာခန်းမဆောင် (Great Hall of the People) သို့ ရောက်ရှိလာသည့် ထရမ့်၏ တရားဝင် ကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio)၊ ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့် (Scott Bessent) နှင့် ကာကွယ်ရေးဝန်ကြီး ပိ ဟတ်ဂ်ဆက် (Pete Hegseth) တို့ ပါဝင်သည်။
ထို့ပြင် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီအချို့မှ စီအီးအိုများဖြစ်ကြသည့် အီလွန် မတ်စ် (Elon Musk)၊ Apple ကုမ္ပဏီ စီအီးအို တင်မ် ကွတ် (Tim Cook) နှင့် Nvidia မှ ဂျန်ဆန် ဟွမ် (Jensen Huang) တို့လည်း ထရမ့်နှင့်အတူ လိုက်ပါလာခဲ့ကြသည်။
အိမ်ဖြူတော်ကမူ ထရမ့်နှင့်ရှီတို့၏ တွေ့ဆုံမှုသည် ကောင်းမွန်ကြောင်း၊ နှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်း ဆောင် ရွက်မှု မြှင့်တင်ရန်၊ အမေရိကန် စီးပွားရေး လုပ်ငန်းများအတွက် တရုတ်နိုင်ငံ၏ ဈေးကွက် ဝင်ရောက်ခွင့်ကို တိုးချဲ့ရန်နှင့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ရန်တို့ကို ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား စစ်ပွဲဖြစ်ပွားချိန်မှစပြီး ပိတ်ဆို့ခံထားရသည့် ဟော်မုဇ် ရေလက်ကြား ကို ဆက်လက် ဖွင့်လှစ်ထားသင့်ကြောင်း ခေါင်းဆောင်နှစ်ဦး သဘောတူညီခဲ့ကြသည်ဟု အိမ်ဖြူတော် အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
သို့သော် ထရမ့်နှင့်ရှီတို့၏ အစည်းအဝေးအပြီး ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အိမ်ဖြူတော်က ထိုင်ဝမ်အကြောင်း ကို ထည့်သွင်း ဖော်ပြခဲ့ခြင်းမရှိပေ။
Source: Nikkei Asia
