CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၂၈

တရုတ်နှင့် တင်းမာမှု အခြေအနေကို ပိုမိုဆိုးဝါးအောင် မလုပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takiachi) ကို တိုက်တွန်းခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်လာမည်ဆိုပါက ဂျပန်က စစ်ရေးဖြင့် ကြားဝင်ရလိမ့်မည်ဖြစ်ကြောင်း ယခုလ အတွင်း တာကာအီချီက လွှတ်တော်တွင် ပြောကြားခဲ့ပြီးနောက် ဂျပန်နှင့် တရုတ်ကြား တင်းမာမှုများ မြင့်တက် လာခဲ့ခြင်းဖြစ်သည်။

တာကာအီချီ၏ ပြောကြားချက်သည် တရုတ်ကို ဒေါသထွက်စေခဲ့ပြီး တရုတ်နိုင်ငံသားများအနေဖြင့် ဂျပန်သို့ မသွားရန် တရုတ်အစိုးရက သတိပေးခဲ့သည်။

နိုဝင်ဘာ ၂၅ ရက်တွင် ထရမ့်နှင့် တာကာအီချီတို့ ဖုန်းဆက်သွယ် ပြောဆိုမှုအတွင်း ထရမ့်က သူသည် ဂျပန်နှင့် တရုတ်ကြား တင်းမာမှု ပိုမိုမြင့်တက်လာမည့် အရေးကို မဖြစ်စေချင်ကြောင်း ပြောကြားခဲ့သည်ဟု ဂျပန်အစိုးရ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

သို့သော် ထရမ့်က ထိုင်ဝမ် အရေးနှင့်ပတ်သက်ပြီး တာကာအီချီ၏ မှတ်ချက်စကားများကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုခဲ့ခြင်း မရှိကြောင်းလည်း ဂျပန်အစိုးရ သတင်းရင်းမြစ်တစ်ခုက ပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

နိုဝင်ဘာ ၂၇ ရက်တွင် ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် မီနိုရူ ကီဟာရာ (Minoru Kihara) က  ပုံမှန်ပြုလုပ်နေကျ သတင်းစာ ရှင်းလင်းပွဲတွင် ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အသေးစိတ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့ နိုဝင်ဘာ ၂၄ ရက်က ဖုန်းဆက်သွယ် ပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာတွင် ထရမ့်နှင့် တာကာအီချီတို့ ဖုန်းဆက်သွယ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထရမ့်နှင့် ရှီတို့၏ ဖုန်းဆက်သွယ် ပြောဆိုမှုအတွင်း ရှီက ထိုင်ဝမ်သည် တရုတ်၏ ခွဲထွက်မရသည့် အစိတ်အပိုင်း ဖြစ်ကြောင်း ထရမ့်ကို ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ် တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံး ထိန်းချုပ် သွားမည်ဟု ပြောကြားထားသည်။

Source: ရိုက်တာ