CNI International News

၂၀၂၅ခုနှစ်၊ အောက်တိုဘာ ၃၀

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့သည် အောက်တိုဘာ ၃၀ ရက်တွင် တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန် (Busan) မြို့တွင် တွေ့ဆုံမည်ဟု တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက အတည်ပြုခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

၎င်းတို့နှစ်ဦး တွေ့ဆုံချိန်တွင် အမေရိကန်-တရုတ် ဆက်ဆံရေးများနှင့် ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားအတွက် ကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားမည်ဟု ဆိုသည်။

နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ လုံခြုံရေးနှင့် ဒေသတွင်း အရေးကိစ္စများနှင့်ပတ်သက်ပြီး သဘောထား ကွဲလွဲမှုများ ရှိနေကာ ဆက်ဆံရေး တည်ငြိမ်အောင် ကြိုးပမ်းနေရချိန်တွင် ထရမ့်နှင့် ရှီတို့ တွေ့ဆုံမည့် အစီအစဉ် ပေါ်ပေါက် လာခြင်း ဖြစ်သည်။

ထရမ့်ကမူ ရှီနှင့် တွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံစလုံးအတွက် ကောင်းမွန်သည့် သဘောတူညီမှုတစ်ခု ရရှိ လိမ့်မည်ဟု မျှော်လင့်ရကြောင်း အစောပိုင်းက ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်ကို တွေ့ရစဉ် 

“ဒီအစည်းအဝေးကနေ အပြုသဘောဆောင်တဲ့ ရလာဒ်တွေ ထွက်ပေးလာဖို့နဲ့ တရုတ်-အမေရိကန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို တည်ငြိမ်စေဖို့အတွက် လမ်းညွှန်မှုအသစ်နဲ့ တွန်းအားကို ထောက်ပံ့ပေးနိုင်ဖို့ အမေရိကန်နဲ့ အတူ ပူးပေါင်းပြီး အားထုတ်ကြိုးပမ်းမှုတွေ ပြုလုပ်ဖို့ ဆန္ဒရှိနေပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ကော်ကျားကွမ် (Guo Jiakun) က ပြောကြားခဲ့သည်။

ထရမ့်နှင့် ရှီတို့၏ တွေ့ဆုံမှုသည် ပြီးခဲ့သည့် လများအတွင်း ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမောက်ကမ ဖြစ်ခဲ့သည့် စျေးကွက်များကို ပြန်လည် တည်ငြိမ်စေလိမ့်မည်ဟု မျှော်လင့်ချက်များလည်း ထွက်ပေါ်နေသည်။

ရှီသည် တောင်ကိုရီးယားသို့ အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ သွားရောက်မည်ဖြစ်ပြီး အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) အစည်းအဝေးကို တက်ရောက်မည်ဖြစ်သည်။

ထရမ့်သည် အောက်တိုဘာ ၂၉ ရက်တွင် ဂျပန်မှ တောင်ကိုရီးယားသို့ ရောက်ရှိလာခဲ့ပြီး တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae Myung) နှင့်တွေ့ဆုံခဲ့ကာ ကုန်သွယ်ရေး သဘောတူ စာချုပ်ချုပ်ဆိုခဲ့သည်။

Source: South China Morning Post