CNI International News
ဝါရှင်တန်၊ မတ်လ ၁၅
အမေရိကန်တွင် သတ္တုတွင်းတူးဖော်မှုများကို ပိုမိုမြှင့်တင်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ တိုက်တွန်းချက်သည် အလွန်စွန့်စားရသည့် သတ္တုတွင်းစီမံကိန်းများ၌ ဂျပန် ကုန်သွယ်ရေး ကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်စေရန် စည်းရုံးရန်လိုအပ်ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ထို့ကြောင့် ဂျပန်ကုန်သွယ်ရေး ကုမ္ပဏီများအား သတ္တုတွင်း စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံအောင် စည်းရုံးသည့် အနေဖြင့် အမေရိကန်အစိုးရသည် ထိုကုမ္ပဏီများကို ထောက်ပံ့ကြေးများ ထုတ်ပေးရဖွယ်ရှိနေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ထရမ့်သည် အမေရိကန်တွင် ရှိနေသည့် အဓိက သယံဇာတများနှင့် မြေရှားသတ္တုများ တူးဖော်မှုကို သိသိသာသာ ချဲ့ထွင်သွားမည့် သမိုင်းဝင် လုပ်ဆောင်ချက်တစ်ခုကို လုပ်ဆောင်မည်ဟု ပြီးခဲ့သည့် သီတင်းပတ်က လွှတ်တော်၏ ပူးတွဲအစည်းအဝေး၌ မိန့်ခွန်းပြောကြားခဲ့သည်။
ထိုအစီအစဉ်အရ ဂျပန်၏ ကုန်သွယ်ရေး ကုမ္ပဏီများထံမှ လုံလောက်သည့် ထောက်ခံမှုကို ရရှိရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု လေ့လာသူများက ပြောသည်။
ထိုစိန်ခေါ်မှုများထဲတွင် ထရမ့် အစိုးရအဖွဲ့က ပြည်ပကုန်စည်များအပေါ် အခွန်များ တိုးမြှင့်ကောက်ခံသည့် အစီအစဉ်ကို ဂျပန်ကုမ္ပဏီများ စိုးရိမ်နေသည့် အချက်လည်း ပါဝင်နေသည်။
ဂျပန်ဝန်ကြီးချုပ်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာ (Shigeru Ishiba) ကလည်း အမေရိကန်၏ အခွန်ကောက်ခံမှုများသည် ဂျပန် ကုမ္ပဏီများအတွက် အမေရိကန်တွင် ရင်းနှီးမြှုပ်နှံရန် ခက်ခဲစေကြောင်း အလေးထား ပြောကြားခဲ့သည်။
အခွန်ကောက်ခံမှုများကြောင့် ဂျပန်ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံမှုများအတွက် လိုအပ်သည့် ရန်ပုံငွေများကို ရရှိစေရန် ၎င်းတို့၏ စွမ်းဆောင်ရည်များအား အဟန့်အတား ဖြစ်စေခဲ့သည်ဟု ဆိုသည်။
ထို့ပြင် အမေရိကန်နှင့် ၎င်း၏ မိတ်ဖက်နိုင်ငံများအကြား ကုန်သွယ်ရေး တင်းမာမှုများ မြင့်တက်နေခြင်းက အမေရိကန်တွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် မခန့်မှန်းနိုင်သည့် အခြေအနေကို ပေါ်ပေါက်စေခဲ့သည် ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ထိုကဲ့သို့ သေချာရေရာမှုမရှိသည့် အခြေအနေများကြောင့် တည်ငြိမ်မှုရှိပြီး ခန့်မှန်းနိုင်သော စီးပွားရေး အခြေအနေ ကိုသာ လိုလားသည့် ဂျပန်ကုန်သွယ်ရေးကုမ္ပဏီများသည် အမေရိကန်တွင် နှစ်ရှည် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် မဝံမရဲ ဖြစ်နေခြင်းဖြစ်သည်ဟု သုံးသပ်ချက်များလည်း ထွက်ပေါ်ခဲ့သည်။
Source: Nikkei Asia