CNI International News

တိုကျို၊ ဇွန်လ ၂၄

ဂျပန်နိုင်ငံ၏ လူသူအရောက်အပေါက် နည်းသည့် မီနာမီတိုရီရှီးမား (Minamitorishima) ကျွန်းအနီးရှိ ပင်လယ်ကြမ်းပြင်တွင် မြေရှားသတ္တု မက်ထရစ်တန်ချိန် သန်း ၂၀၀ ကျော်ကို တွေ့ရှိခဲ့ကြောင်း Nippon ဖောင်ဒေးရှင်းနှင့် တိုကျိုတက္ကသိုလ်တို့က ဇွန်လ ၂၁ တွင် ပြောကြားခဲ့သည်ဟု Japan Times မှ ဖော်ပြခဲ့သည်။

Nippon ဖော်ဒေးရှင်းနှင့် တိုကျိုတက္ကသိုလ်တို့သည် ဂျပန်၏ အထူးစီးပွားရေးဇုန်အတွင်းရှိ မီတာ ၅၀၀၀ အနက် တွင်ရှိသော ရေအောက်ကြမ်းပြင်ကို စူးစမ်းလေ့လာခဲ့ရာတွင် ကိုဘော့လ်ဒြပ်စင်နှင့ နီကယ်ကဲ့သို့ မြေရှားသတ္တု များပါဝင်သည့် သတ္တုသိုက်ကြီးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

တိုကျိုတက္ကသိုလ်မှ ပါမောက္ခ ယာဆူဟီတို ကာတို (Yasuhiro Kato) ဦးဆောင်သည့် သုတေသနအဖွဲ့သည် ၁၀၀ စတုရန်း ကီလိုမီတာအကျယ်ရှိ နေရာဒေသတစ်ခုကို လေ့လာရာတွင် မက်ထရစ်တန်ချိန် ၂၃၄ သန်း ရှိသည့် မြေရှားသတ္တုသိုက်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုမြေရှားသတ္တုများအနက် နီကယ်များသည် ဂျပန်နိုင်ငံအတွက် ၇၅ နှစ်ကြာ သုံးစွဲနိုင်သည့် ပမာဏရှိပြီး ကိုဘော့လ်ဒြပ်စင်များသည် ၁၁ နှစ်ကြား သုံးစွဲနိုငသည့် ပမာဏရှိခဲ့သည်။

အဆိုပါ မြေရှားသတ္တုများကို  တူးဖော်ရေးနှင့် ပြန်လည်သန့်စင်ရေးအတွက် သုံးစွဲရမည့် ကုန်ကျစရိတ်များ အပါအဝင် ထိုပမာဏအရ စီးပွားဖြစ်အသုံးပြုရန် လုံလောက်မှုရှိနေသည်ဟု ဆိုသည်။ 

 မြေရှားသတ္တုများကိုတွေ့ရစဉ်

လေ့လာရေးအဖွဲ့သည် ၂၀၂၆ ခုနှစ်၊ မတ်လအကုန်တွင် အစမ်းသဘောဖြင့် တစ်ရက်လျှင် မြေရှားသတ္တု မက်ထရစ်တန်ချိန် ၂၅၀၀ ခန့်ကို စတင် တူးဖော်သွားရန် စီစဉ်ထားသည်။

လတ်တလော စုဆောင်းရရှိထားသည့် မြေရှားသတ္တု နမူနာများတွင် ကြေးနီများနှင့် မန်းဂနီးစ် ဒြပ်စင်များလည်း ပါဝင်ပြီး ပုံမှန် ကျောက်ခဲများနှင့် ပုံစံတူနေကြောင်း လေ့လာရေးအဖွဲ့က ပြသခဲ့သည်။

မန်းဂနိးစ် ဒြပ်စင်များ ပါဝင်သည့် အဆိုပါ သတ္တုများကို ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့သည့် လေ့လာရေးအတွင်း ကနဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“တိုကျိုတက္ကသိုလ်ရဲ့ တွေ့ရှိမှုဟာ သဘာဝသယံဇာတ ရှားပါးတဲ့ ဂျပန်နိုင်ငံရဲ့ အထူးစီးပွားရေးဇုန်အတွင်းက အံ့အားသင့်ဖို့ကောင်းတဲ့ သတ္တုသိုက်အကြောင်းကို သိရှိခဲ့ရပါတယ်။ ဒီလိုတန်ဖိုးကြီးတဲ့ အရာတွေကို ထုတ်ယူပြီး စက်မှုလုပ်ငန်းတွေမှာ အမြန်ဆုံး အသုံးပြုနိုင်ဖို့ အရေးကြီးပါတယ်” ဟု Nippon ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ ယိုဟီအီ ဆာဆာကာဝါ (Yohei Sasakawa) က ပြောကြားခဲ့သည်။

Source: Japan Times