CNI International News

ဘေဂျင်း၊ ဇွန်လ ၁၇

တောင်တရုတ်ပင်လယ်၏ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ရေပြင်များအတွင်း ဖိလစ်ပိုင်နှင့် ဂျပန်က ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်နေချိန်တွင် တရုတ်စစ်တပ်သည် ဇွန်လ ၁၄ ရက်တွင် တောင်တရုတ်ပင်လယ်၌ ကင်းလှည့် မှုများ ပြုလုပ်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

တရုတ်၏ တောင်ပိုင်းစစ်ဌာနချုပ်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့က ပူးပေါင်းပြီး ဝေဟင်နှင့်ရေပြင် ကင်းလှည့်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု  တောင်ပိုင်းစစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တီအန်ကျူလင် (Tian Junli) က ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဖိလစ်ပိုင်နှင့်ဂျပန် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို တုန့်ပြန်သည့် အနေဖြင့် PLA က ကင်းလှည့်မှုများ ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး ထိုပူးတွဲစစ်ရေး လေ့ကျင့်မှုသည် ဒေသတွင်း ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ရာ ရောက်ကြောင်း တီအန် က ပြောကြားခဲ့သည်။

တရုတ်စစ်သင်္ဘောကို တွေ့ရစဉ်

“ဖိလစ်ပိုင်က ဒေသပြင်ပက နိုင်ငံတွေကို အားကိုးပြီး ပူးတွဲကင်းလှည့်မှုတွေကို ပြုလုပ်ခဲ့တာကြောင့် တောင် တရုတ်ပင်လယ်မှာ လုံခြုံရေး အန္တရာယ်တွေကို မြင့်တက်စေခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို လျော့ပါးစေပါတယ်”  ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

PLA ၏ တောင်ပိုင်းစစ်ဌာနချုပ် စစ်သားများသည် တရုတ်၏ အချုပ်အခြာ အာဏာပိုင် နယ်နိမိတ်နှင့် ပင်လယ် ရေကြောင်းဆိုင်ရာ အခွင့်အရေးများကို ကာကွယ်ရန် တပ်လှန့်နှိုးဆော်မှုကို မြှင့်တင်ထားကြောင်း တီအန်က ပြောသည်။

“တောင်တရုတ်ပင်လယ်အတွင်း ပြဿနာဖြစ်စေနိုင်တဲ့ ဘယ်လို စစ်ရေးလှုပ်ရှားမှု မျိုးကိုမဆို တရုတ်က အပြည့်အဝ ထိန်းချုပ်ထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

Source: South China Morning Post