CNI International News

တိုင်ပေ၊ ဇွန်လ ၁၇

အမေရိကန်သည် ထိုင်ဝမ်အရေးကို အာရုံသိပ် မစိုက်တော့ဘဲ ပြည်တွင်းတွင် ဒရုန်းများ ထုတ်လုပ်မှုကိုသာ ပိုမို အာရုံစိုက်လာသဖြင့် ထိုင်ဝမ်သည် ချောင်ထိုးခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ကျွမ်းကျင်ပညာရှင် အဖွဲ့တစ်ဖွဲ့က ဇွန်လ ၁၆ ရက်တွင် ပြောကြားခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

တိုင်ပေအခြေစိုက်  Research Institute for Democracy, Society and Emerging Technology (DSET) အမည်ရှိ ကျွမ်းကျင်ပညာရှင်အဖွဲ့၏ ထုတ်ပြန်ချက်တွင် အမေရိကန်ပြည်တွင်း၌  ဒရုန်းအများအပြား ထုတ်လုပ် ရေးကို ဦးစားပေး လုပ်ဆောင်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က သမ္မတအုပ်ချုပ်ရေး အမိန့်ကို လက်မှတ်ထိုး ထုတ်ပြန်ခဲ့မှုအပေါ် စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။

အမေရိကန်သည် ကိုယ်ပိုင် ဒရုန်းနည်းပညာများကို မြှင့်တင်ရန် ကြိုးပမ်းအားထုတ်နေပြီး ပြည်ပနိုင်ငံများ၊ အထူးသဖြင့် တရုတ်အပေါ် မှီခိုအားထားမှုကို လျှော့ချရန် ရည်ရွယ်ထားသည်။

ဒရုန်းထုတ်လုပ်နေစဉ် 

အမေရိကန်၏ အစီအစဉ်တွင် ပင်တဂွန်စစ်ဌာနချုပ်၏ Replicator စီမံကိန်းလည်း ပါဝင်ခဲ့သည်။

ထိုစီမံကိန်းသည် တရုတ်၏ မြင့်တက်လာသည့် စစ်အင်အားကို တန်ပြန်ရန် အင်ဒို-ပစိဖိတ်ဒေသအနှံ့ AI နည်းပညာသုံး ဒရုန်းများအား စျေးနှုန်းသက်သာစွာဖြင့် အများအပြား ထုတ်လုပ်ပြီး ဖြန့်ကြက်ချထားမည့် အစီအစဉ်တစ်ခုဖြစ်သည်။

ထိုကဲ့သို့ ပြည်တွင်း စီမံကိန်းသည် ဒရုန်းထုတ်လုပ်မှုတွင် အဓိက မိတ်ဖက် ဖြစ်လာနိုင်ခြေရှိသည့် ထိုင်ဝမ်အတွက် အလားအလာ မကောင်းကြောင်း ကျွမ်းကျင်သူများက ယူဆခဲ့သည်။

ထိုင်ဝမ်သည် ၂၀၂၈ ခုနှစ်ရောက်လျှင် တစ်လကို ဒရုန်းအစင်းရေး ၁၅,၀၀၀ အထိ ထုတ်လုပ်နိုင်ရန် မျှော်မှန်းထား ပြီး ထိုပမာဏသည် လက်ရှိ ထုတ်လုပ်နေသည့် ပမာဏထက် ၃ ဆခန့် ပိုမိုများပြားသည်။

ထိုင်ဝမ်ထုတ် ဒရုန်းကို တွေ့ရစဉ်

မည်သို့ပင်ဆိုစေ အမေရိကန်က နိုင်ငံတကာ မိတ်ဖက်များထက် ကျော်လွန်ပြီး ပြည်တွင်းတွင် ကိုယ်ပိုင် ဒရုန်း စီမံကိန်းကို ဦးစားပေး လုပ်ဆောင်မည်ဆိုပါက ထိုင်ဝမ်၏ ပေါ်ထွန်းစ ဒရုန်းလုပ်ငန်းသည် ဒေသတွင်းနှင့် နိုင်ငံတကာ၏ နည်းပညာဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် ရုန်းကန်ရမည်ဖြစ်သည်။

အမေရိကန်အနေဖြင့် ဒရုန်းစွမ်းဆောင်ရည်များကို တိုးမြှင့်ရန် ဦးစားပေးနေသော်လည်း ပြည်တွင်း ထုတ်လုပ်မှုနှင့် နိုင်ငံတကာနှင့် ပူးပေါင်းထုတ်လုပ်မှုတို့ကြား ဟန်ချက်ညီစွာ ထိန်းညှိဆောင်ရွက်ရမည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ထိုင်ဝမ်၏ အခန်းကဏ္ဍကို မျက်ကွယ်ပြုခဲ့မည်ဆိုပါက အမေရိကန်အတွက် အင်ဒို-ပစိဖိတ်ဒေသတွင် မဟာဗျူဟာ မြောက် ကာကွယ်ရေး မိတ်ဖက်ဆက်ဆံမှုများကို အားနည်းသွားစေနိုင်သည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: Nikkei Asia