CNI New

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇

မြန်မာ့နိုင်ငံရေးကို ပြည်ပရှိ အာဆီယံ အပါအဝင် ကုလသမဂ္ဂနှင့် နိုင်ငံတကာသည် ထည်ထည်ဝင်ဝင် မသိကြဘူး ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် အာဆီယံနှင့် ကုလသမဂ္ဂသည် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်များ ခန့်အပ် တာဝန်ပေးထားသော်လည်း ၎င်းတို့သည် မြန်မာ့နိုင်ငံရေးကို ထည်ထည်ဝင်ဝင် သိရှိနားလည်ပုံ မပေါက်ဘူးဟု ပြည်တွင်းရှိနိုင်ငံရေးပါတီများက ထောက်ပြကြသည်။ 

ထိုကိစ္စကို အာဆီယံကိုယ်တိုင်လည်း ထည်ထည်ဝင်ဝင်နားလည်ပုံမပေါက်သောကြောင့် နားလည်နိုင်သည့်ဘက် ကိုပြန်ကြည့်လျှင် အိမ်နီးနားချင်းနိုင်ငံများကပိုနားလည်သည်ဟု ပြောသည်။

မြန်မာ့နိုင်ငံရေးကို အာဆီယံ၊ ကုလသမဂ္ဂနှင့် အနောက်အုပ်စုနိုင်ငံများထက် အိမ်နီးချင်း နိုင်ငံများက ပိုနားလည် သိရှိနိုင်သည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

နစကဥက္ကဋ္ဌနဲ့ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်ခဲ့ဖူးသူ လာအိုနိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်

၎င်းက“အာဆီယံတို့ ဘာတို့ တခြားကုလသမဂ္ဂဆိုတဲ့ အင်အားကြီး ပွင့်ပွင့်လင်းလင်းပြောရင်ဗျာ၊ အလွှမ်းမိုးခံ နိုင်ငံတွေ အုပ်စုဘက်ကတော့ မြန်မာ့နိုင်ငံရေးကို ထည်ထည်ဝင်ဝင် သိပုံမပေါက်ဘူး။ ဂျူလီဘစ်ရှော့ ကိုယ်တိုင် သိပုံ မပေါက်ဘူး၊ အာဆီယံကိုယ်တိုင်လည်း ထည်ထည်ဝင်ဝင် နားလည်ပုံ မပေါက်ဘူး။ အဲတော့ နားလည်နိုင်တဲ့ ဘက်ကို ပြန်ကြည့်ရင် အိမ်နီးနားချင်းနိုင်ငံတွေက ပိုနားလည်တာပေါ့ သူ့အကျိုးစီးပွား ကိုယ့်အကျိုးစီးပွားနဲ့ ယှက်နွယ်တာပေါ့။ ထိုင်းဆိုရင် မြဝတီဖြစ်ပျက်မှုနောက်ပိုင်းမှာ မြန်မာ့နိုင်ငံရေးကို ဝင်ပါမှဖြစ်မယ်ဆိုတဲ့ ခုနကလို့ သူ့ရဲ့ အကျိုးစီးပွားပေါ့ဗျာ တည်ငြိမ်အေးချမ်းမှုမရှိဘဲနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကြိုးပမ်းနိုင် ဆက်နေတဲ့နိုင်ငံအချင်းချင်းမရနိုင်ဘူး။ အဲလိုပဲ အိန္ဒိယလည်း ဒီတိုင်းပဲ တရုတ်လည်း ဒီတိုင်းပဲဆိုတော့ အိမ်နီးနားချင်းနိုင်ငံတွေ ကုန်းမြေ ချင်း ဆက်နေတဲ့နိုင်ငံတွေကတော့ဖြင့် မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားကို ဘယ်လို ကျော်ဖြတ်ရမယ်ဆိုတာကို သူတို့ဘက်က အဖြေရှိပြီးသားဖြစ်တယ်။ ဒါပေမယ့် အာဆီယံဆိုတဲ့ ဝိုးတိုးဝါးတားတွေကတော့ဖြင့် သိပုံမပေါက် ဘူး။ ဟိုမှာ interview လုပ်၊ ဒီမှာ interview လုပ်ပေါ့ဗျာ။ အဲဒါကတော့ ဒီမိုကရေစီဘက်က ပြက်လုံးထုတ်သလို ဖြစ်တာပေါ့ဗျာ။ အဲတော့ ထည်ထည်ဝင်ဝင် မြန်မာ့နိုင်ငံရေးကို နားလည်ပုံ မပေါက်ဘူး ဩစတြးလျဆိုတာ အဝေး ကြီးပဲ ပွင့်ပွင့်လင်းလင်းပြောရင် မြန်မာ့နိုင်ငံရေးကို ဖြေရှင်းဖို့အတွက် ခန့်အပ်တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ ကိုယ်စားလှယ်တွေ အများကြီးရှိသေးတယ်။ သိပ်ထည်ထည်ဝင်ဝင် ရှိခဲ့ပုံမပေါက်ဘူး” ဟု ပြောသည်။

လက်ရှိတွင် မြန်မာ့အရေး ကိုင်တွယ် ဖြေရှင်းဖို့ အာဆီယံက မလေးရှားနိုင်ငံခြားရေးဝန်ကြီးကိုလည်းကောင်း၊ ကုလသမဂ္ဂက ဩစတြးလျနိုင်ငံသူ ဂျူလီဘစ်ရှော့ကိုလည်းကောင်း မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်ထားသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ပြည်ပက သေသေချာချာ သိရှိနားလည်မရှိဘဲ တလွဲသိရှိနေကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနကို ပြောသည်။

ပစ္စတာ ပရတ်ဆိုခွန်နဲ့ နိုင်ငံရေးပါတီများ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂ ရက်က တွေ့ဆုံစဉ်

၎င်းက “မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အခြေအနေကို အပြင်က သေသေချာချာ မသိဘူး ဆိုတာကို လက်ခံတယ်။ သေသေချာချာ မသိဘူးဆိုတာထက် တလွဲသိနေတာပေါ့။ အလွဲသိနေတာ ဘယ်လိုအလွဲတွေ သိနေသလဲဆိုတော့ အဓိက,က တစ်ဖက်က မြန်မာနိုင်ငံ မီဒီယာတွေပေါ့လေ။ မီဒီယာတွေမှ တစ်ခါတည်းကို ကိုယ်ရဲ့ ဒီမြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို တလွဲတချော် ပုံဖော်သွားတာတွေရှိတယ်။ ပြီးတော့ ကိုယ့်ဆီကနေပဲ ပြန်ထွက်သွားတဲ့လူတွေ ကိုယ်တိုင်ကိုက ဒါတလွဲ ပုံဖော်ပေးနေတာတွေ ရှိတယ် အဲဟာတွေ ကြောင့်မို့လို့ သူတို့သိတဲ့အသိက မြန်မာပြည့်ရဲ့ပြည်တွင်းထဲမှာ တကယ်ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်မျိုးနဲ့တော့ မနီးစပ်ဘူး ဖြစ်တာပေါ့လေ။ ဒါက ဟိုဘက်က သူ့ဟာသူလုပ်တဲ့ကိစ္စ ဒီဘက်က ကျနော်တို့ ပြည်တွင်းထဲမှာ ရှိနေတဲ့ အစိုးရကိုယ်တိုင်ကိုက ကိုယ့်ရဲ့ ကိုယ့်တိုင်းပြည်ထဲမှာ ဖြစ်နေတဲ့ဟာကို ဘယ်လိုမှ ပြန်ပြီးတော့မှ သူက counter လည်းမလုပ်နိုင်ဘူး။ ဟိုဘက်က ပုံဖော်သမျှကို ဒီတိုင်းပဲ ငုတ်တုတ်ခံနေရသလို ဖြစ်နေတယ်။ ဒီဘက်က ပြန်ပုံဖော်တာကလည်း တချို့ဟာတွေကပြောရရင် သိပ်မထိရောက်ဘူးပေါ့နော်။ ရှေးခေတ် လွန်ခဲ့တဲ့ ခေတ်တွေ က ပုံဖော်သလိုပဲ များများပြောရင် မှန်တယ်လို့ ထင်တဲ့အပေါက်မျိုးနဲ့ ပြောနေတဲ့ အခါကြတော့ သိပ်ထိရောက်မှု အားနည်းတာပေါ့။ နည်းနည်းခေတ်နောက်ကျ နေတဲ့သဘောရှိတယ်”ဟု ပြောသည်။

ထို့နောက် ပြည်ပနိုင်ငံက မြန်မာ့နိုင်ငံရေးကို သိရှိနားလည်ရေးထက် မိမိတို့သည် ပြည်တွင်းက ပြည်သူလူထု ကိုယ်တိုင် မှန်မှန်ကန်ကန် သိနိုင်ဖို့ ကြိုးစားပုံဖော်နေသည်ဟု ဦးထက်အောင်ကျော်က ပြောသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံတစ်ဝန်း လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသလို တိုက်ပွဲ ရှောင်နေရသူ ၃ သန်းကျော်ရှိနေကြောင်း သိရသည်။

ထို့နောက် CDM မလုပ်သူများကို အရေးယူမည်ဆိုသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဥပဒေတစ်ရပ် ပြဋ္ဌာန်းလိုက်ပြီးနောက် ပညာရေးဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများ သတ်ဖြတ်ခံရမှုများ တစ်ဖန်ပြန်လည် ပေါ်ပေါက်လာနေသည်။

အလားတူ မြန်မာ့တပ်မတော်က စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်း၍ စစ်သားစုဆောင်းမှုများနှင့် လက်နက်ကိုင်များ၏ စစ်သားစုဆောင်းမှုများကြောင့်လည်း ပြည်တွင်းရှိ လူငယ်များ ပြည်ပနိုင်ငံများသို့ ထွက်ခွာလာပြီး လူသားအရင်း အမြစ်များ ဆုံးရှုံးကာ လုပ်ငန်းခွင်များတွင် လုပ်သား လိုအပ်ချက်များဖြင့် ရင်ဆိုင်နေကြရသည်။