CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၇

လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာတွင် တိုင်းရင်းသားများ မပါဝင်ဘဲ ဖြေရှင်း၍ မရကြောင်း ရခိုင့်ဦးဆောင် ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

လွတ်လပ်ရေး စယူကတည်းက တိုင်းရင်းသားအားလုံး ညှိနှိုင်းတိုင်ပင်၍ ယူခဲ့ကြကြောင်း၊ သို့သော်လည်း ညှိနှိုင်းချက်များ အကောင်အထည် မပေါ်ခြင်းကြောင့် လက်နက်ကိုင်ခဲ့ကြကြောင်း ၎င်းက ပြောသည်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လက မိုင်ဂျာယန်မှာ ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင်များ ထိပ်သီး ညီလာခံကို တွေ့ရစဉ်

ဒေါက်တာအေးမောင်က “မြန်မာ့နိုင်ငံရေး စပြီးတော့ လွတ်လပ်တဲ့ နိုင်ငံအဖြစ် ထူထောင်ကတည်းကိုက တိုင်းရင်း သား အားလုံးနဲ့ ညှိနှိုင်းတိုင်ပင်ပြီးမှ လွတ်လပ်မှုကို ယူကြမယ်လို့ ညှိနှိုင်းခဲ့ကြတာကို အဲဒီညှိနှိုင်းချက် အကောင် အထည် ဒီနေ့အထိ မပေါ်ဘူးဆိုတာ အားလုံးလက်ခံကြလို့သာ လက်နက်ကိုင် လာကြတာကိုး၊ နိုင်ငံရေးအရ ဖြေရှင်းလို့မရဘူး လက်နက်ကိုင်မှ ဖြစ်မယ်၊ အဲဒီတော့ လက်နက်ကိုင် ကြတာလည်း မြင့်လာပြီ၊ လက်နက်ကိုင် နည်းနဲ့ ဖြေရှင်းနိုင်မလားဆိုတဲ့ အခါကြတော့ မဟုတ်ပြန်ဘူး နိုင်ငံရေးအားဖြင့် ညှိနှိုင်းတိုင်ပင်မှ ဖြစ်မယ်၊ အဲဒီ တစ်ဖက်က သွားတာပေါ့၊ ဆိုတော့ တိုင်းရင်းသားတွေ မပါဘဲနဲ့ မြန်မာ့နိုင်ငံရေးကို ဖြေရှင်းလို့ ဘယ်ရမလဲ၊ အဲဒါ ကြောင့်လည်း အားလုံ လက်ခံနိုင်တဲ့ အမြဲတမ်းပြေလည်မှု၊ ငြိမ်ချမ်းမှုတစ်ခု ရအောင်ဆိုရင် လက်နက်ကိုင် ပဋိပက္ခ ပြေလည် သွားဖို့ လိုတာပေါ့၊ လက်နက်ကိုင်ရတဲ့ အကြောင်းအရင်း အမြဲတမ်းလည်း ပြောကြပါတယ်၊ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည့်ပြည့်ဝဝ ရနိုင်တဲ့ အနေအထား တစ်ခုကို ဖန်တီးပေးမှပဲ လက်နက်ကိုင်တဲ့ တိုင်းရင်းသားတွေက နောက်ကို ဆုတ်မှာကိုးဗျ” ဟု CNI သတင်းဌာန သို့ ပြောသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခင်းအကျင်းအရ တိုင်းရင်းသား အဖွဲ့အစည်းများမှာ တော်လှန်ရေး အင်အားစု များနှင့် ပူးပေါင်းမှု ရှိနေသလို နစကနှင့် ပူးပေါင်းသည့် အဖွဲ့အစည်းများလည်း ရှိနေသည်။

စနစ်တကျ စုဖွဲ့ထားပြီး ဟန်ချက်ညီညီ သွားနိုင်သည့် အပေါ်တွင် မူတည်ပြီး တော်လှန်ရေး၏ အနိုင်အရှုံးကို အဆုံး အဖြတ်ပေးမှာဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က NCA လက်မှတ်ထိုးနေကြစဉ်

၎င်းက “မဟုတ်ဘူးဗျ၊ အားလုံးအပေါ်မှာ မူတည်တယ်၊ တိုင်းရင်းသားအဖွဲ့တွေရော ပြည်တွင်းမှာ လှုပ်ရှားနေတဲ့ အခု NUG လှုပ်ရှားနေတဲ့ အကုန်လုံးအပေါ်မှာ မူတည်တယ်၊ တိုင်းရင်းသားတွေ အပေါ်မှာပဲ မူတည်တာ မဟုတ် ဘူး။ မူတည်တာက တိုင်းရင်းသား အဖွဲ့တွေရော ရပ်ကွက်အလိုက် စုစည်းနေတဲ့ အဖွဲ့တွေ အားလုံးရော တစ်စု တစ်စည်းတဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ စနစ်ကျစွာသွားမှ ဖြစ်မှာ အကုန်လုံး ဟန်ချက်ညီညီ လှုပ်ရှား မှုနဲ့ သွားမှ ဖြစ်မှာ။ တိုင်းရင်းသားကြီးပဲ လုပ်နိုင်ရင် သူတို့ လုပ်နေတာ ကြာပီလေ သူတို့လည်း မအောင်မမြင် ဖြစ်နေတာ ဟုတ်တယ်မလား၊ ကျမတို့ ပြည်တွင်းကလည်း ဒီစစ်အာဏာရှင် ဆန့်ကျင်ရေး လုပ်နေတာ အခုမှ မဟုတ်ဘဲ အနှစ် ၇၀ လောက်ရှိနေပြီ မအောင်မြင်ဘူး။ မအောင်မြင်ရတဲ့ အကြောင်းက ကျမတို့ အချင်းချင်း ကြားမှာ ကျယ်ပြန့်တဲ့ တပ်ပေါင်းစုကြီး မဖွဲ့နိုင်လို့ ကျမတို့ရဲ့ လှုပ်ရှားမှုတွေကို စနစ်တကျ မပူးပေါင်းနိုင်လို့ ဟန်ချက်ညီ မလုပ်နိုင်လို့ ဖြစ်တယ်၊ အဲဒီဟာပေါ်မှာ မူတည်ပြီး တော်လှန်ရေးရဲ့ အနိုင်အရှုံးက အဆုံးအဖြတ်ပေး မှာပဲ” ဟု ပြောသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်ရေး ပြည်တွင်းရှိ အင်အားစု အဖွဲ့အစည်း အချို့၊ အာဆီယံ အပါအဝင် နိုင်ငံတကာကလည်း ဖြေရှင်းနိုင်ရေး ကြိုးပမ်းလျက် ရှိနေသည်။