CNI News

၂၀၂၆ ခုနှစ်၊ ဧပြီလ ၈

၂၀၂၅ အထွေထွေရွေးကောက်ပွဲအလွန် ဖွဲ့စည်းလာသည့် အစိုးရသစ်နှင့် လွှတ်တော်သစ်တွင် ဗမာမဟုတ်သော လူမျိုးစုများ ပါဝင်လာမှု အခန်းကဏ္ဍကို နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက စောင့်ကြည့် နေကြသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ အပိုင်း ၃ ပိုင်း ခွဲခြားကာ ကျင်းပခဲ့သည်။

ထို့နောက်  ပြည်ထောင်စုကြံ့ခိုင်း‌ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အနိုင်ရခဲ့ပြီး မြန်မာ့တပ်မတော်နှင့် ပူးပေါင်း၍ လွှတ်တော် အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များကို ဖွဲ့စည်းလျက်ရှိနေသည်။ 

လက်ရှိ အစိုးရဖွဲ့စည်းမှု ပုံသဏ္ဍာန်သည် ဦးသိန်းစိန် လက်ထက် အစိုးရဖွဲ့စည်းမှုပုံစံနှင့် နှိုင်းယှဥ်ကြည့်လျှင် အနည်းငယ် ကွာခြားမှုရှိကြောင်း၊ အစိုးရဖွဲ့စည်းရာတွင် မည်သည့် တိုင်းရင်းသားကို ဦးစားပေးသည်၊ မပေးသည် ဟု ခွဲခြားမြင်နေပါက ပြည်တွင်း စစ်ရေးပဋိပက္ခ ပိုမို မြင့်မားလာနိုင်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။ 

ပြည်ထောင်စုလွှတ်တော်ကို တွေ့ရစဉ်

၎င်းက “ဦးသိန်းစိန် လက်ထက်တုန်းက လုပ်တဲ့ပုံစံနဲ့တော့ နည်းနည်းတေ့ာ ကွာတယ်၊ ကျနော် ပြောချင်တယ်။ အခု ဦးသိန်းစိန် လက်ထက်တုန်းကဆိုရင် ပြည်နယ်အစိုးရတွေရရှိတဲ့ ကိုယ်စားလှယ်တွေကို အစိုးရအဖွဲ့ထဲမှာလည်း ထည့်ပေးတယ်။ အနိုင်ရတဲ့အပေါ် မူတည်ပြီးမှ အစိုးရ အဖွဲ့ထဲကို ခေါ်သွင်းထားတဲ့ အတွက်ကြောင့်မို့လို့ အုပ်ချုပ်ရေးစနစ် ဆောင်ရွက်တဲ့အခါမှာ အင်မတန်မှ ကောင်း မွန်တဲ့ အုပ်ချုပ်ရေးစနစ် ဖော်ဆောင်နိုင်တယ်။  ယနေ့ကတော့ တွေ့ရှိချက်ကတော့ ရှမ်းပြည်နယ်မှာ ပအိုဝ်းလည်း ထည့်တယ်။ ကျားဖြူပါတီက ကိုယ်စားလှယ်ကိုလည်း ထည့်ထားတယ်။ ထည့်ထားတဲ့ အခါကျတော့ စည်းလုံးမှု တစ်ခုကို ပြယုဂ်ဖြစ်တာပေါ့နော်။ မွန်ပြည်နယ်မှာဆိုလည်း ထိုနည်းလည်းကောင်းပဲ။ ပအိုဝ်းလည်းပါတယ်။ နောက် မွန်လည်း ပါတာပေါ့နော်၊ စုစုစည်းစည်းနဲ့ အစိုးရကို ဖွဲ့စည်းထားတယ်။ ယနေ့ ကချင်ပြည်နယ်ရဲ့ လွှတ် တော်ကတော့ တစ်မျိုးဖြစ်နေတာပေါ့။ ဦးသိန်းစိန် လက်ထက်တုန်းက တပြေးညီ လုပ်သွားတယ်။ ဒါပေမယ့်လည်း ဒီနေ့ အချိန်ကတော့ ပြည်နယ်တစ်ခုကို ပြည်နယ်ဝန်ကြီးချုပ်က လုပ်ပိုင်ခွင့်ကို အပြည့်ပေးပြီးမှ သမ္မတက မထိန်း ချုပ်ဘူးလားဆိုတဲ့ ကဏ္ဍလေးတွေလည်း နည်းနည်း စဉ်းစားရတာပေါ့နော်။ ဦးသိန်စိန် လက်ထက် တုန်းကနဲ့တော့ ကွာပါတယ်၊ အခုအစိုးရ ဖွဲ့စည်းပုံတွေကတော့။ နောက် လွှတ်တော်မှာဆို ကချင်ရှိမယ်။ သူ့ပြည်နယ်နဲ့သူ ကချင် ပြည်နယ်မှာဆိုလည်း ကချင်လူမျိုးအုပ်ချုပ်တာပေါ့နော်၊ အဲဒီလိုမျိုး‌လေးတွေတော့ တွေ့ရတာပေါ့။ အခု ရှမ်းပြည်နယ်မှာ ဆိုလည်း ရှမ်းက ဝန်ကြီးချုပ်ဖြစ်လာတယ်။ ဒါကတော့ ရခိုင်ကို ဦးစား‌မပေးဘူး။ ကချင်ကို ဦးစားပေးတယ်လို့ တော့ ကျနော်မမြင်ဘူး။ သူတို့လိုအပ်တဲ့‌ နေရာလိုအပ်သလို အစီအစဉ် ချထားတယ်လို့တော့ ကျနော် မြင်တယ်။ ယနေ့ လက်ရှိအစိုးရကတော့ သူ့အနေနဲ့ အကြီးအကျယ် ဖြေရှင်းရမယ့် ကိစ္စကတော့ တိုင်းရင်းသား ပြဿနာပေါ့ နော်။ တိုင်းရင်းသား ပြဿနာကစပြီး ပြည်တွင်းစစ် ဖြစ်လာတယ်ဆိုတဲ့ အခါကျတော့ သူ့ကို ဦးစားပေးတယ်၊ ကိုယ့်ကို ဦးစား မပေးဘူးလို့ ခွဲခြားဆက်ဆံနေမယ်ဆိုရင် ပြည်တွင်းစစ်မီးကပိုပြီးမှ တောက်လောင်လာနိုင်တယ်” ဟု ပြောသည်။ 

လက်ရှိ အစိုးရဖွဲ့စည်းပုံ အနေအထားကို သုံးသပ်ကြည့်ပါက အမျိုးသားညီညွတ်ရေးအစိုးရပုံစံမျိုး မရောက်နေ ဘူးဟု မြင်ရကြောင်း စိုင်းဋ္ဌေးအောင်က ဆက်ပြောသည်။ 

၎င်းက “ကျနော့် အနေနဲ့ကတော့ ကျနော် ပြောချင်တာကတော့ အမျိုးသားညီညွတ်ရေးအစိုးရ ပုံစံမျိုးကို ပုံဖော်စေ ချင်တယ်။  မဖြစ်နေတာတော့ မဟုတ်ဘူး။ အဲဒီ ပုံစံမျိုးကို မရောက်ဘူးလို့ ကျနော် မြင်တာပေါ့နော်။ ဟိုတုန်းက ဆိုရင် ဦးသိန်းစိန် လက်ထက်တုန်းကဆိုရင် နိုင်ငံရေးပါတီက ပုဂ္ဂိုလ်တွေကို ဒုဝန်ကြီး အဆင့်ပေးတာမျိုးတွေ ရှိတာပေါ့လေ။ အခုလည်း အဲဒီလိုမျိုးတွေများ ပေးလေမလားဆိုတဲ့ ဥစ္စာမျိုး။ အဲဒီလိုမျိုးတွေ အစိုးရအဖွဲ့ထဲမှာ ခေါ်သွင်းထားခြင်းအားဖြင့် သူ့ပါတီကို ထောက်ခံတဲ့ ပြည်သူလူထုက အစိုးရအပေါ် ပိုပြီးမှ ယုံကြည်မှု မြင့်မား လာနိုင်တယ်လို့ မြင်တယ်” ဟု ပြောသည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သမ္မတအဖြစ် တာဝန်ယူ၍ ၂၀၂၆ ခုနှစ်၊ ဧပြီလမှာ ဖွဲ့စည်းလာမည့် အစိုးရ သစ်နှင့်အတူ ဦးသိန်းစိန် အစိုးရလက်ထက်က အနေအထားမျိုးကို ပြန်လည် ရောက်ရှိအောင် ဆောင်ရွက်နိုင် မလားဆိုသည်ကိုတော့ စောင့်ကြည့်ရမည်ဟု စစ်ရေးနှင့်နိုင်ငံ‌ရေးအကဲခတ်များက ပြောသည်။

မျိုးနွယ်စု လူငယ်များကို တွေ့ရစဉ်

ဦးသိန်းစိန် အစိုးရလက်ထက်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲအောင် တိုင်းရင်းသားများအပေါ် ချဥ်းကပ်မှု ပုံစံအတိုင်း လက်ရှိအစိုးရ ဆောင်ရွက်သွားစေချင်သည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ဦးသိန်းစိန်ဟာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲအောင် အသွင်ကူးပြောင်းရေး ပထမငါးနှစ်တာ ကာလမှာ တော်တော်လေး ကျားကုတ်ကျားခဲ ကြိုးစားခဲ့တာရှိတယ်။ အဲဒီလို ကြိုးစားခဲ့တာ အားလုံးကို NLD ဖြိုဖျက်တာပေါ့‌ဗျာ။ ငါတို့ ပြည်ထောင်စုပါတီ NLD မှာလည်း တိုင်းရင်းသားပေါင်းစုံပါတယ်။ ကျန်တဲ့ တိုင်းရင်းသား ပါတီတွေက ပြည်ထောင်စုစိတ်‌ဓာတ် မရှိဘူးပေါ့ဗျာ။ ဒို့သာလျှင် အောက်ခြေကစ ဗဟိုအထိ အုပ်ချုပ်မယ်ဆိုတဲ့ အယူပေါ့ဗျာ။ မွန်၊ ချင်း အားလုံးပေါ့ဗျာ။ ၂၀၁၅ ရွေးကောက်ပွဲအလွန် ကာလမြင်ကွင်းကို ပြန်ကြည့်ပေါ့။ တိုင်းရင်း သားတော့ တိုင်းရင်းသား NLD က တိုင်းရင်းသားမှ တိုင်းရင်းသား ဖြစ်တယ်ပေါ့ဗျာ။ နိုင်ငံရေးသမား ပီသတယ်ပေါ့ ဗျာ။ တိုင်းရင်းသားပါတီ ဒေသအခြေပြု ပါတီတွေကို ဖွဲနဲ့ ဆန်ကွဲပဲ။ အဲဒီလိုကာလ ဖြတ်သန်းတဲ့အခါမှာ ဦးသိန်းစိန် ကာလရဲ့ တိုင်းရင်းသားတွေအပေါ် ချဉ်းကပ်မှုကို တိုင်းရင်းသားတွေက ပြန်ပြီးတော့ အမှတ်ရ သတိပြုကြတာပေါ့။ အဲဒီတော့ ဦးသိန်းစိန်ရဲ့ ချဉ်းကပ်မှု တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲအောင် ချဉ်းကပ်မှု ပုံစံအတိုင်းပေါ့ဗျာ အခုကာလ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ထက်မှာ သွားစေချင်တာပေါ့” ဟု ပြောသည်။ 

၂၀၂၆ ခုနှစ်၊ ဧပြီ ၃ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကနေ တပ်မတော် ကာကွယ်‌ ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။

ထို့နောက် ဧပြီ ၆ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဝန်ကြီးဌာန ၃၁ ခု ဖွဲ့စည်း ကြောင်း၊ ဧပြီ ၇ ရက်တွင် ပြည်ထောင်စုဝန်ကြီး ၃၀ ဦးကို ခန့်အပ်ကြောင်း ကြေညာခဲ့သည်။