CNI News

၂၀၂၆ ခုနှစ်၊ ဧပြီ ၈

ရခိုင်ပြည်နယ်မှာ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် ၃ မြို့မှအပ ကျန်မြို့နယ်အားလုံးကို ထိန်းချုပ် ထားသည့် အာရက္ခတပ်တော်(AA)အား “ဝ” ကဲ့သို့ သဘောထားနိုင်သလား ဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။

AA သည် ရခိုင်ပြည်နယ်အတွင်း တစ်ဖွဲ့တည်း လှုပ်ရှားနေသလို ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ညီနောင်မဟာမိတ်(၃)အဖွဲ့ အဖြစ်လည်း လှုပ်ရှားနေကြောင်း၊ အလားတူ ချင်းပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့လည်း နွေဦးတော်လှန်ရေး အင်အားစုများ လက်တွဲ၍ စစ်ရေးကို ဖြန့်ကျက်လှုပ်ရှား လျက်ရှိသည်။

ထို့ပြင် စစ်ကိုင်းတိုင်းထဲမှာလည်း KIA နှင့် PDF များဖြင့် ပူးတွဲ၍ စစ်ရေး လှုပ်ရှားလျက်ရှိပြီး ရခိုင် ပြည်နယ် လုံခြုံရေးအတွက် ဖြန့်ကျက်ကစားနေသည်။

AA သည် လက်တွေ့မြေပြင်၌ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေး စုဖွဲ့မှုများတွင် နိုင်နင်းစွာ အုပ်ချုပ်နိုင်သည့် အခြေအနေမျိုး မဟုတ်သေးသည့်အတွက် “ဝ” ကဲ့သို့ သဘောထား၍ မရကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

UWSA ခေါင်းဆောင်ကို တွေ့ရစဉ်

၎င်းက “AA ကလည်း မငြိမ်သေးဘူး။ မငြိမ်သေးဘူးဆိုတော့ “ဝ” လို သဘောထားလို့ မရသေးဘူး။ နောက် AA မှာက ကြီးမားတဲ့ နိုင်ငံတကာ အရင်းအမြစ်တွေရှိတယ်။ ကုလားတန်စီမံကိန်းဆိုရင် အိန္ဒိယ က လုပ်ထားတယ်။ ကျောက်ဖြူ ရေနက်စီမံကိန်းဆိုရင် တရုတ်ရဲ့ အကျိုးစီးပွားဖြစ်တယ်။ နောက် ရထား လမ်း၊ ကားလမ်း၊ ကျောက်ဖြူ ပိုက်လိုင်းကို အမှီပြုပြီးတော့ ကျောက်ဖြူ ရထားလမ်းကို ဖော်ဖို့ရှိတယ်။ အဲဒါတွေ အားလုံးကို စီမံခန့်ခွဲနိုင်ဖို့ AA မှာ လုံလောက်တဲ့ အင်အားနဲ့ အရည်အချင်း ရှိလား၊ မရှိလား ကျနော်တို့ မခန့်မှန်းနိုင်ဘူး။ သူ့ရဲ့ နိုင်ငံရေးစုဖွဲ့မှု၊ သူ့ရဲ့ အုပ်ချုပ်ရေးစုဖွဲ့မှု၊ စီးပွားရေး၊ ဘဏ္ဍာရေး စုဖွဲ့မှု တွေက ဘယ်လောက် ခိုင်လဲတော့ ကျနော်တို့ မသိဘူးပေါ့။ ဒါကြောင့် သူကတော့ နိုင်ငံရေးအရကိုပဲ တရားဝင် သူက လိုချင်တာ။ ကွန်ဖက်ဒရေးရှင်းလို့ သူက ပြောတာကို။ “ဝ” ကတော့ သူ့ဟာသူ အုပ်ချုပ် နေတယ်။ ကွန်ဖက်ဒရေးရှင်းလည်း မပြောဘူး၊ ဖက်ဒရေးရှင်းလည်း မပြောဘူး။ “ဝ” ပြည်နယ်ကို ပြည်ထောင်စုယူနစ်တစ်ခု သတ်မှတ်ပေးဖို့တော့ “ဝ” ပြောတာ ကြားဖူးတယ်။ အဲဒါလည်းပဲ အချိန်အခါ ကျရင်တော့ ဥပဒေနဲ့အညီ သတ်မှတ်တာလဲ ဖြစ်နိုင်တယ်။ အခုအချိန်အထိတော့ ဥပဒေနဲ့ သတ်မှတ်တာ မရှိသေးဘူး။ ၂၀၀၈ ထဲမှာ ရေးထားတာက “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ division လို့ပဲ ရေးထား တာ။ ဒါပေမယ့် သူ့ခြေ၊ သူ့လက်တော့ ဖြစ်နေတယ်။ ဖွဲ့စည်းပုံမှာတော့ အဲဒီအဆင့်ကို ရေးထားတာ မတွေ့ရသေးဘူးပေါ့။ အဲဒါကြောင့်ပါပဲ။ ရခိုင်ပြည်နယ်ကလည်း သူတို့နိုင်ငံရေး တောင်းဆိုချက်က တစ်ပိုင်းပေါ့လေ။ သို့သော် လက်တွေ့မြေပြင်မှာက နည်းနည်းလေး နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်တဲ့ အခြေအနေ ရှိလား၊ မရှိဘူးလား ကျနော်တို့က အကဲဖြတ်ကြည့်တဲ့ အခါကြ‌တော့ နည်းနည်း အခက်အခဲ ရှိတာ တွေ့ရတယ်လေ။ ဘဏ္ဍာရေးအရရော၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံတကာ ဆက်ဆံရေး အားလုံးပေါ့လေ။ အရေးအားလုံးမှာ နိုင်နိုင်နင်းနင်း မဟုတ်သေးဘူးဆိုတာတော့ တွေ့ရပါ တယ်။ အဲဒါကြောင့် သူလည်း နည်းနည်း တည်ဆောက်ဖို့အတွက် ခက်ခဲဦးမယ့် သဘောတော့ ရှိပါသေး တယ်” ဟု ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅၆)၊ အပိုဒ်ခွဲ (ဂ) အရ ရှမ်းပြည်နယ်အတွင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ် ၆ ခုကို စုစည်းပြီး “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ၂၀၁၁ ခုနှစ်တွင် အစိုးရသစ် တက်လာသည့် အခါမှသာ အုပ်ချုပ်ရေး ယန္တရားများ စတင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

၁၉၈၉ ခုနှစ်တွင် UWSA နှင့် နဝတ အစိုးရတို့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီးနောက်ပိုင်း ထိုဒေသကို “ရှမ်းပြည်နယ် အထူးဒေသ (၂)” အဖြစ် သတ်မှတ်ခဲ့ရာမှ ၂၀၀၈ ဖွဲ့စည်းပုံအရ “ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း” အဆင့်သို့ ပြောင်းလဲ သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။

ထို့ပြင် “ဝ”ဒေသသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ခွဲထွက်မရသည့် အစိတ်အပိုင်း တစ်ခု ဖြစ် ကြောင်း၊ “နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ သီးခြား လွတ်လပ်ရေးကို ကြေညာခြင်း မရှိစေရန် အခိုင်အမာ ရပ်တည်ထားကြောင်း “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၏ ဗဟိုကော်မတီက ဧပြီ ၃ ရက် တွင် သမ္မတ ဦးမင်းအောင်လှိုင်ထံ ပေးပို့သည့် ဂုဏ်ပြု ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် ထုတ်ဖော် ပြောဆိုထားသည်။

 AA ခေါင်းဆောင်ကို တွေ့ရစဉ်

လက်ရှိတွင် AA နှင့် တွေ့ဆုံ ဆွေးနွေးရန်အတွက် ဖက်ဒရယ်စနစ်ကို နားလည်ထားမှုနှင့် သိမ်းပိုက်ရရှိ ထားသော ဒေသများအား တပ်မတော်ဘက်မှ ပြန်လည် သိမ်းနိုင်မလား၊ မသိမ်းနိုင်ဘူးလား အပေါ်တွင် အများကြီး မူတည်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီအပေါ်တွေမှာ သူတို့ အခြေခံပြီးတော့ စဉ်းစားရလိမ့်မယ်။ တကယ်လို့ သူတို့က ပြန်သိမ်း နိုင်ဦးမယ်လို့ ယူဆလို့ရှိရင်တော့ သူတို့က AA နဲ့ ဆွေးနွေးတဲ့ကိစ္စ၊ NCA လက်မှတ်ထိုးတဲ့ ကိစ္စတွေမှာ AA တို့ဘာတို့ ပါဝင်လာဖို့ အတွက်ကို သူတို့ လက်ခံရလိမ့်မယ် မထင်ဘူး။ နောက် အစိုးရကပေါ့။ တကယ်လို့ NCA စာချုပ်မှာ ဘာအထိပါတုန်း၊ ဘာတွေ ဆွေးနွေးနိုင်တုန်းဆို NCA စာချုပ် လက်မှတ် ထိုးလိုက်ပြီး တာနဲ့ အပစ်အခတ်က ရပ်ထားရမှာ။ လက်ရှိ ရောက်ရှိနေတဲ့ နေရာအတိုင်းမှာ နေမြဲအတိုင်း နေပြီးတော့ ပြဿနာတွေကို နိုင်ငံရေးအရ ဆွေးနွေးရမယ်ပေါ့။ ဆွေးနွေးပြီးတဲ့အခါ အဲဒီဆွေးနွေးတဲ့ ဆွေးနွေးပွဲက ဘယ်အထိ သွားမှာလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအထိ သွားရမှာ။ ပြင်ဆင်ပြီးတဲ့ အခါ ကြတော့မှ နောက်ဆုံး အဲဒီဟာ ပြင်ဆင်ရင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေကို ပြုပြင်ပြောင်း လဲရေးပေါ့။ SSR DDR ခေါ်တာပေါ့။ ပြည်ထောင်စု တပ်မတော်အဖြစ်၊ တစ်ခုတည်းသော တပ်မတော် တစ်ခုတည်းရှိရေးကို သွားမယ်။ အဲဒီလိုတွေ ရည်မှန်းထားတာ။ အဲဒီလိုဖြစ်တဲ့ အခါကြတော့ AA က အခု က ရခိုင်ပြည်တစ်ပြည်လုံးကို သူက သိမ်းထားတော့ AA နဲ့ပတ်သက်လို့က “ဝ” ကို သဘောထားသလို ထားနိုင်သလား ပြဿနာက။ နောင်တက်လာမယ့် အစိုးရက ကြိုပြီးတော့ စဉ်းစားထားရမယ့် ကိစ္စတွေ ပေါ့။ UWSA လို သဘောထား နိုင်မလား” ဟု ပြောသည်။

နိုင်ငံတော်ဘက်မှ အာရက္ခတပ်တော် (AA) အား စစ်ရေးဖြင့် ဖြေရှင်းသည့် နေရာတွင် အင်မတန်ကြိုးစား ဖြေရှင်းရမည့် အနေအထားဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။

အာရက္ခတပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့အကြား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက အပစ်ရပ် သဘော တူညီခဲ့ကြပြီး တစ်နှစ်ခန့်အကြာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားခဲ့ကာ လက်ရှိအချိန်အထိ ဖြစ်သည်။

ရခိုင်လူမျိုးများ အနေဖြင့် ကွန်ဖက်ဒရေးရှင်း(ကွန်ဖက်ဒရိတ်)ထက် မနိမ့်သော အဆင့်အတန်း တစ်ခုကို ရအောင် တိုက်မည်ဟု အာရက္ခတပ်တော်(AA)မှ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော် ပြော ဆို ထားဖူးသည်။

တခြား တစ်ဖက်မှာတော့ AA နှင့် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းတို့ တရုတ်နိုင်ငံမှာ တွေ့ဆုံ၍ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် တရုတ်ဘက်က အဆိုပြုချက်ကို AA က လက်ခံထားကြောင်း နီးစပ် သူများက ပြောသည်။