CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၆

အချိန်ကြာလာသည်နှင့်အမျှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) များ၏ စဉ်းစားချက်များမှာလည်း ပြောင်းလဲလာပြီဖြစ်ကြောင်း 7 EAO Alliance အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးဆွဲစဉ်က EAO များ၏ စဉ်းစားချက်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဖြစ်ကြောင်း၊ အချိန်ကြာလာသည်နှင့်အမျှ စဉ်းစားချက် အသစ်များ ရှိခဲ့ကြကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီးစောကျော်ညွန့်က “မိမိတို့ EAO တွေ အားလုံးနီးပါးပေါ့လေ၊ အတူတကွ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ NCA ရေးဆွဲစဉ် ကာလအချိန်ပေါ့၊ NCA ခေတ်ထဲမှာ ကြိုတင်ပြီးတော့ ညှိနှိုင်းသဘောတူညီမှုများကတော့ ခုနက ပြောတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုပြောတာဖြစ်တယ်။ ဒီအချိန်မှာ နောက်ထပ် စဉ်းစားချက်တွေ ကလည်း ပေါ်လာတာပေါ့၊ အချိန်တွေလည်း အများကြီး ကြာခဲ့ပြီကိုး၊ NCA ခေတ်ဆိုတာက ဟိုပြီးခဲ့တဲ့ ၂၀၁၃/၁၄ အခုဆိုရင် ၁၀ နှစ်လောက်ကြာခဲ့ပြီပေါ့၊ နောက်ထပ်စဉ်းစားချက်တွေ ပေါ်လာတယ်ဆိုတာကလည်း အသစ် အဆန်းတော့ မဟုတ်ပါဘူး။ ဘာဖြစ်လဲဆိုတော့ ဒါတွေကလည်းပဲ အကြောင်းတရားရှိလို့ပဲ အကျိုးတရား ဖြစ်ပေါ် လာတယ်လို့ လက်ခံပေးရမှာ ဖြစ်ပါတယ်။ ဒါပကတိ အရှိတရားပါ” ဟု ပြောသည်။

NCA ထိုးထားတဲ့ အဖွဲ့တွေကိုတွေ့ရစဉ်

မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားများအားလုံး ပြည်ထောင်စုအကျိုးကို ရှေ့ရှု၍ နိုင်ငံရေးပြဿနာ အား အဖြေရှာကာ တိုင်းပြည်ကို တည်ဆောက်သင့်ကြောင်း ၎င်းက ပြောသည်။

မဟာမိတ် ၇ ဖွဲ့က ထိန်းချုပ်နယ်မြေ အသီးသီးတွင် မိမိတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အုပ်ချုပ်ရေးစနစ်ဖြင့် စတင် အုပ်ချုပ်သွားမည်ဖြစ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ကျင်းပသော အစည်းအဝေးတွင် ပြောကြားထားသည်။

လက်နက်ကိုင်ပဋိပက္ခအတွင်း အဖြေမရှာနိုင်ဘဲ ကြာရှည်သွားပါက အတွေးအခေါ်များ ပြောင်းလဲလာမှာ ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒါကြောင့် ဘယ်အရာကိစ္စမဆို အချိန်က စကားပြောတယ်ဆိုတာ တစ်ခုတော့ ရှိပါတယ်။ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် တိုက်ကြတယ် မိမိတို့ရဲ့ ရည်မှန်းချက်အတွက် မိမိတို့ရဲ့ ဆန္ဒအတွက် မိမိတို့ ဖြစ်စေချင်တဲ့ အတွက် နိုင်ငံရေးအရ ဖြေရှင်းလို့ မရဘူးလို့ ထင်တဲ့အတွက် လက်နက်ကိုင်ပြီးတော့ ဖြေရှင်းကြတယ်၊ အဲဒီတော့ ကာလတွေ ရှည်ကြာလာတဲ့အခါ တစ်ဖက်နဲ့တစ်ဖက် အပြုတ်တိုက်နိုင်ရင်တော့ တမျိုးပေါ့လေ၊ အပြုတ်မတိုက် နိုင်တဲ့အခါ မိမိတို့ရဲ့ အချိန်ကာလတစ်ခုမှာ အတွေးအခေါ်တွေ လက်တွေ့အရ အမြင်တွေ ပြောင်းလဲပြီးတော့မှ အချိန်ကာလတစ်ခုက စကားပြောလာမယ်၊ အဲဒီလို အချိန်ကြရင်တော့ ညှိနှိုင်းဆွေးနွေးတဲ့ စားပွဲပေါ်မှာ ပြောချင် ဆိုချင်တဲ့ စိတ်တွေများ ဖြစ်လာမလားဆိုတဲ့ အခြေအနေတော့ ဖြစ်ပေါ်လာလိမ့်မယ်၊ ၂၀၂၅ တော့ ကျနော်တို့ ကတော့ သိပ်မသေချာသေးဘူး။ ၂၀၂၅ နဲ့ ၂၀၂၅ အလွန်လောက်မှာကတော့ ဖြစ်ကောင်း ဖြစ်နိုင်ဖွယ်ရှိတယ် လို့တော့ မြင်ပါတယ်ခင်ဗျ” ဟု ပြောသည်။

 PDF တပ်ဖွဲ့များ လေကျင့်နေကြစဉ်

မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသာ AA က အနည်းဆုံး ကွန်ဖက်ဒရေးရှင်း အဆင့်ကို တည်ဆောက်မည်ဖြစ်ပြီး TNLA ကလည်း ပလောင်(တအာင်း)လူမျိုးများအနေဖြင့် လိုအပ်ပါက နိုင်ငံထူထောင်နိုင် မည့် အခြေအနေကို အဆင်သင့် ပြင်ဆင်ထားရန် ပြောကြားထားသည်။

အလားတူ KIA ကလည်း ၂၀၂၅ ခုနှစ်တွင် တိုင်းရင်းသား လက်နက်ကိုင်များသည် ဖက်ဒရယ်ထက် ကျော်လွန်း သည့် အခြေအနေများကို ပြောင်းလဲစဉ်းစားပြီး တည်ဆောက်ကြမည်ဟု ပြောကြားထားသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့၊ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့အကြား ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ကရင် ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

မြန်မာ့နိုင်ငံရေး အကျပ်အတည်းဖြစ်ပြီး မြန်မာ့တပ်မတော် အားနည်းလာခြင်းနှင့်အတူ တိုင်းရင်းသားလက်နက် ကိုင်များသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး တောင်းဆိုမှုကနေ ကွန်ဖက်ဒရေးရှင်း (ကွန်ဖက်ဒရိတ်)အဆင့် ရရှိရေး စဉ်းစားချက် ပြောင်းလဲကာ တိုက်ခိုက်လျက်ရှိနေသည်။