CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၆

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)သည် NCA ကို ထိန်းသိမ်းလိုက်နာပြီး ပြည်သူလူထု အကျိုးကို ကြိုးပမ်းဆောင်ရွက်နေချိန်မှာပင် လက်ရှိဥက္ကဋ္ဌ ခွန်သူရိန်သည် စုပေါင်းဦးဆောင်မမှု အရမဟုတ်ဘဲ တစ်ဦးတစ်ယောက်သော သဘောထားဆန္ဒဖြင့် မူဝါဒ အလွှဲသုံးစား ပြုလုပ်နေသည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ထုတ်ပြန် ပြောကြားခဲ့သည်။

လက်ရှိ PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်သူရိန်သည် တစ်ဦးတည်း မူဝါဒဖြင့် NCA မှ သွေဖီ၊ ချိုးဖောက်ပြီး ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်လာခြင်း၊ စစ်ရေးဖော်ဆောင်လာခြင်း၊ PNO/PNA နှင့် SAC ကို ရန်သူသတ်မှတ်၍ ဆန့် ကျင် တိုက်ခိုက်လာခြင်း၊ ဆီဆိုင်မြို့ အပါအဝင် မဲနယ်တောင်ဒေသအတွင်း၊ မြို့ပြကျေးရွာများ ပျက်စီးဆုံးရှုံးစေ ခြင်းနှင့် ပအိုဝ်းပြည်သူများ စစ်ပြေး/စစ်ရှောင် များပြားစေခြင်းတို့ကို မျက်ဝါးထင်ထင် တွေ့ရှိရပါသည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက စက်တင်ဘာ ၁၀ ရက်နေ့စွဲဖြင့် ထုတ်ပြန် ပြောကြားခဲ့သည်။

ထို့ကြောင့် မူလ PNLO/PNLA ၏ ဦးဆောင်နာယက တစ်ဦးအနေနှင့် မလွှဲမရှောင်သာ တာဝန်ရှိလာသည့် အပေါ်တွင် လက်ရှိ ခွန်သူရိန် ဦးဆောင်(PNLO-ခွဲထွက်)အဖွဲ့မှ အပြီးအပိုင် နှုတ်ထွက်လိုက်ပါကြောင်း ဆုံးဖြတ် လိုက်ရပါသည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ထုတ်ပြန်ခဲ့သည်။

နောက်နောင် PNLO(ခွဲထွက်)၏ လုပ်ဆောင်မှု အဝဝသည် မိမိနှင့် လုံးဝ (လုံးဝ) သက်ဆိုင်တော့မည် မဟုတ် ကြောင်းလည်း ၎င်းက ထုတ်ပြန်ခဲ့သည်။

ဗိုလ်မှူးကြီးခွန်သူရိန်ကို တွေ့ရစဉ်

PNLO (ခွဲထွက်)ထံမှ နှုတ်ထွက်ပြီးနောက် မိမိအနေနှင့် အမျိုးသားနိုင်ငံရေးလုပ်ငန်းများကို လက်မလျှော့ဘဲ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

၂၀၀၉ ခုနှစ်က ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ကျင်းပသော အမျိုးသားညီလာခံ တရပ်မှနေ၍ PNO မှ ခွဲထွက် ကျန်ရစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်သည့် (PPLO)နှင့် ရလလဖ(SNPLO)မှ ခွဲထွက်လာသူ ဗိုလ်မှူးကြီးခွန်သူရိန် ဦးဆောင်အင်အားစုများသည် အခြားပအိုဝ်း အင်အားစုငယ်များ ဝန်းရံလျှက် PNLO ကို ပြန်လည် ဖွဲ့စည်းထူထောင်ခဲ့သည်။

ထို့နောက် PNLO/PNLA သည် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းအမျိုးသားဒေသသို့ ၂၀၁၂ ခုနှစ်မှစ၍ ပြန်လည် ဝင်ရောက် လာခဲ့ပြီး ပအိုဝ်းအမျိုးသားနိုင်ငံရေး လုပ်ငန်းများကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသား တပ်မတော်(PN O/PNA)နှင့် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်လာသည်မှာ ၂၀၂၃ ခုနှစ်ကုန်အထိပင် ဖြစ် ကြောင်း၊ PNLO ဥက္ကဋ္ဌ များအဖြစ် ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ခွန်မြင့်ထွန်းနှင့် ဗိုလ်မှူးကြီး ခွန်သူရိန်တို့က ၂၀၀၉ ခုနှစ်မှ ၂၀၂၃ အထိ အလှည့်ကျ တာဝန်ယူခဲ့ကြသည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာ၏ စက်တင်ဘာ ၁၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

အဆိုပါ ကာလအတွင်း သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စာ ချုပ်(Bilateral)ထိုးခဲ့သလို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ထိုးခဲ့သည်။

7 EAO Alliance နဲ့ NSPNC ကို တွေ့ရစဉ်

ထို့နောက် PNLO ကိုယ်စားလှယ် အနေဖြင့် ဗိုလ်မှူးကြီးခွန်ဥက္ကာသည် တခြားသော NCA လက်မှတ်ထိုးထား သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ပူးပေါင်း၍ ဖွဲ့စည်းထားသော 7 EAO Alliance တွင် ပါဝင်ကာ မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက် ဆွေးနွေးလျက်ရှိနေသည်။

ထို့ကြောင့် ဗိုလ်မှူးကြီး ခွန်သူရိန် ဦးဆောင်သည့် PNLO အဖွဲ့က PNLO အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်နေ့တွင် မြန်မာ့တပ်မတော်နှင့် စစ်ရေးပဋိပက္ခ ဖြစ်ပွားသည့် အချိန်မှစတင်၍ NCA အကောင်အထည် ဖော်မှု လုပ်ငန်းစဉ်တွင် ပါဝင်ခြင်း ရပ်ဆိုင်းသွားပြီး ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ လက်ရှိ ကာလတွင် စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံသည့် NCA ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွင်လည်းကောင်း၊ 7 EAO Alliance တွင်လည်းကောင်း PNLO မှ ကိုယ်စားလှယ် ပေးပို့စေလွှတ်ထားခြင်းမရှိကြောင်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ထို့နောက် ယနေ့စ၍ PNLO နှင့် သက်ဆိုင်သော လုပ်ငန်းကိစစရပ်များကို တာဝန်ပေးအပ်ခံထားရသော ခေါင်းဆောင်ကြီး ၅ ဦး၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ကြောင်း၊ ခေါင်းဆောင် ၅ ဦးမှာ ဥက္ကဋ္ဌအဖွဲ့(၃) ဦး၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(၁)ဦးတို့ဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်သူရိန် ဦးဆောင်သည့် PNLO အဖွဲ့က ထုတ်ပြန်ခဲ့သည်။