CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၄
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAO)များသည် တရားမဝင် ကုန်သွယ်မှုများ၌ ပါဝင်ပတ်သက်ဖို့ မဖြစ်နိုင်ဘူးဟု NCA ထိုးထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAO)များသည် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု မရှိဘဲ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် တရားမဝင် ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်လျက် ရှိသည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၂၁ ခုနှစ်နောက်ပိုင်း နစက လက်ထက်မှ လက်ရှိအချိန်ထိ အစိုးရဌာနဆိုင်ရာများနှင့် လက်နက် ကိုင်ဆောင် ထားသည့် အဖွဲ့အစည်းများ အားလုံးသည် ကိုယ်ကျိုးစီးပွားကို ပိုမိုလုပ်ဆောင်လာကြကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က လက်နက်ကိုင်များ NCA ထိုးနေကြစဉ်
တရားမဝင် ကုန်သွယ်မှု ကိစ္စရပ်များသည် အဓိကအားဖြင့် နယ်ခြားစောင့်တပ်(BGF)များနှင့် ၎င်းတို့၏ သက်ဆိုင် ရာ အဖွဲ့အစည်းများက ပို၍ သက်ဆိုင်သည်ဟု ယူဆ၍ရကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီတကယ်တော့ NCA လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေက ဒီလောက် မဟုတ်ပါဘူး။ ကျနော် ကတော့ ကျနော်တို့ အဓိက,ကတော့ မစွပ်စွဲပါဘူး။ ကျနော်တို့ အထူးသဖြင့် ဒီနယ်စပ်မှာ လုပ်ပိုင်ခွင့်ရနေတာက နယ်ခြားစောင့်တပ်တွေ ဖြစ်နေတာကို နယ်ခြားစောင့်တပ်တွေကတော့ ပိုပြီးတော့ အခွင့်ရေး ပိုရတာပေါ့ဗျာ။ NCA လက်မှတ် ထိုးထားတဲ့ အဖွဲ့တွေက တကယ်ပဲ ငြိမ်းချမ်းရေး ယူထားတာထက်ကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် အပစ်ခတ်ရပ်စဲရေး လက်မှတ် ထိုးထားတာပဲဗျ။ ဒါကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် အပစ်ခတ်ရပ်စဲရေး ထိုးထားတဲ့ အဖွဲ့တွေက (Dialogue Partner) လို့ ခေါ်တာပေါ့။ ဆွေးနွေးဖက်တွေအဖြစ်ပဲ ရှိပါသေးတယ်။ NCA စာချုပ်အရ ကျွန်တော်တို့ ပြည်သူလူထုကို ထိခိုက်နစ်နာတဲ့ဟာတွေ ဘာမှလုပ်လို့မရဘူးဆိုတာပါတော့ NCA လက်မှတ် ထိုးထားတဲ့ အဖွဲ့တွေက မူအားဖြင့်တော့ လုပ်လို့မရဘူး လုပ်လို့လည်း မဖြစ်နိုင်ဘူးပေါ့၊ အဲ့ဒီလို တင်ပြ ချင်တာ” ဟု ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAO)များ အနေဖြင့် ၎င်းတို့ အင်အားတောင့်တင်းလာသည့် အချိန်တွင် နိုင်ငံတော်အစိုးရအပေါ် ပြန်လည် ခုခံတိုက်ခိုက်မည့် အနေအထားမျိုး လုပ်ဆောင်နေသည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

တပ်မတော်၊ လက်နက်ကိုင်၊ နိုင်ငံတကာသံမတန်များကို တွေ့ရစဉ်
၎င်းက “သူတို့အားလုံးရဲ့ အဲလို ရည်ရွယ်ချက်တွေက ဒီကာလမှာဆိုရင် အလုပ်လုပ်ပြီးတော့ ပိုက်ဆံရှာမယ်၊ ပိုက်ဆံရှာပြီးလို့ရှိရင် သူအားရှိလာတဲ့ တစ်နေ့ကျလို့ရှိရင် သူတို့လိုချင်တာ တောင်းဆိုမယ်၊ မရလို့ရှိရင် တိုက်ဖို့ အတွက် အသင့်ဆိုတဲ့ အနေအထားမျိုး လုပ်ကြတာကို။ တကယ့် တကယ်ကျတော့ ဒါမျိုးက ကျနော်တို့က ရေရှည် မှာတော့ ဒါက ခွင့်မပြုသင့်ဘူး၊ ခွင့်မပြုသင့်ဘူးဆိုတော့ ကိုယ့်ဘက်ကလည်း ပြောရလို့ရှိရင်တော့ နိုင်ငံရေးအရ အဖြေရှာနိုင်ပြီးတော့ ကုဖို့ မျှော်မှန်းရတာပေါ့။ လူထုက နိုင်ငံရေးစစ်ရေး နှစ်ဖက်စလုံးက ထောက်ခံမှု ရတယ်ဆို ရင်တော့ ဒီလူတွေကို ကိုယ့်ထဲကို ဆွဲဆောင်ရင် ဆွဲဆောင်၊ မဆွဲဆောင်လို့ရှိရင်တော့ ကျနော်တို့က စစ်ရေးနည်းနဲ့ ပဲပေါ့နော်၊ ဒီလိုပဲဖြစ်မှာပေါ့။ အဲဒီလိုဖြစ်မှပဲ ဒီကိစ္စတွေက ပျောက်မှာလေ။ အခုဟာက ဒီ တရားမဝင်တဲ့ နည်းလမ်း တွေနဲ့ပဲ ငွေရှာနေကြတာကို အချင်းချင်းပေါ့နော်၊ တရားဥပဒေစိုးမိုးရေးအရ ကျနော်တို့က မလုပ်နိုင်တဲ့ အခါကျ တော့ ဒါကတွေ့နေရမှာပဲ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင် အင်အားစုများ ယခင်ထက် ပိုမို ပေါများလာသည့်အပြင် ၎င်းတို့ တပ်စွဲရာဒေသ များ၌ အခွန်ကောက်ခံမှု အပါအဝင် ဒေသတွင်းရှိ သံယဇာတများ တူးဖော်ခွင့်ပြုခြင်း၊ လက်နက် ရောင်းချ ခြင်း၊ မူးယစ်ဆေးဝါး မှောင်ခိုကူးခြင်းနှင့် အခြားသေား အကျိုးစီးပွားများကိုလည်း တွင်ကျယ်စွာ လုပ်ဆောင်လာ နေကြ သည်။
လက်ရှိ NCA ထိုးထားသော လက်နက်ကိုင်များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုး သားအစည်းအရုံး(KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ဖြစ်ကြသည်။
