CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၁

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) နှင့် ပတ်သက်ပြီး ပြန်လည် သုံးသပ်သွားမည် ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဩဂုတ် ၁၀ ရက်နေ့က ကျင်းပခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ၁၇ ကြိမ်မြောက် ကွန်ကရက်အပြီး ရက် ၁၀၀ ပြည့် သတင်းစာ ရှင်းလင်းပွဲတွင် KNU မှ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက NCA  ပျက်ပြယ်သွားပြီဟု ပြောကြားခဲ့သည်။

NCA ပျက်ပြယ်ပြီဟု ပြောဆိုချက်နှင့် ပတ်သက်၍ မိမိတို့ တိုင်ပင်ဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ပြောကြားချက်နှင့် ပတ်သက်၍ သဘောထား မပေးလိုသေးကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

၎င်းက “အဲဒီဟာ ဒီနေ့(ဩဂုတ် ၁၁ ရက်) ကျနော်တို့ တိုင်ပင်တာ အဲဒါကို၊ ကျနော်အခုတော့ သဘောထား မပေးသေးဘူး။ သဘောထား မပေးသေးဘူး။ ကျနော်တို့ အဲဒီကိစ္စတိုင်ပင်နေတော့ ဘယ်လို ရေးရမလဲဆိုတော့ စာပြုစုနေတယ်၊ ပြီးရင် ကျနော် ခင်ဗျားကို ပို့ပေးမယ်။ ကျနော်တို့ အဲဒီကိစ္စ နည်းနည်း အလေးအနက် ထားပြီး တော့ ပြင်ဆင်နေတယ်၊ ဒါမျိုးက ဟိုအရင်က စောတောနီးလည်း ပြောဖူးတယ်ဗျ၊ စောတောနီးလည်း ပြောဖူး တယ်၊ အဲဒီတုန်းက ကျနော်တို့ တုံပြန်ပြီးပြီ။ စောတောနီးကို ကျနော်တို့ ရှင်းပြပြီးပြီ။ ဒါပေမဲ့ စောတောနီးက အလုပ် မလုပ်တော့ဘူးဆိုတော့ အခုဦးဆောင်တဲ့ အတွင်းရေးမှူးကိုယ်တိုင်က ထုတ်ပြောလာတော့ ပေါ်လစီ အလွဲအမှား ဖြစ်သွားနိုင်တယ်လေ၊ အဲဒါကြောင့် ကျနော်တို့လည်း စနစ်တကျ ပြင်ဆင်နေတယ်၊ ချက်ချင်းတော့ ဝေဖန်ချက် မပေးသေးပါဘူး” ဟု ပြောသည်။

 NCA စာချုပ် လက်မှတ်ထိုး အခမ်းအနားကိုတွေ့ရစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှ အာဏာရယူပြီးနောက် အပစ်ရပ် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) တွင် KNU၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)တို့သည် အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ကြောင်း စာတင်ခဲ့ကြသလို အပြည့် အဝ ပူးပေါင်း ပါဝင်မှုအဆင့်ကိုလည်း လျှော့ချထားသည်။

မြန်မာ့တပ်မ‌တော်မှ အာဏာရယူလိုက်ခြင်းကြောင့် NCA မှာ ပျက်ပြယ်သွားပြီဟု KNU မှ အထွေထွေအတွင်းရေး မှူးချုပ် ပဒိုစောတာဒိုမူးက ပြောသည်။

၎င်းက “ခေတ်အဆက်ဆက်မှာ နိုင်ငံတည်ဆောက်ခြင်းကို အပေါ်ကနေ top down ချုပ်ကိုင်ချယ်လှယ်ပြီး ဆောင် ရွက်လာခဲ့တဲ့ အလုပ်မဖြစ်တဲ့ သာဓကတွေအောက်ကနေ ကျနော်တို့ အားလုံး ဖောက်ထွက်ပြီးတော့ ကျနော်တို့ အားလုံး ဘဝနဲ့ ရင်းပြီးတော့ အတွေ့အကြုံတွေ ရယူခဲ့ကြပြီး ဖြစ်တယ်ဆိုတာကိုလည်း ပြောကြားရင်း ဒီနေ့ ကျနော်တို့ အောက်ခြေကနေပြီးတော့ အုတ်မြစ်ခိုင်ခိုင် တည်ဆောက်ဖို့ အရေးကြီးတယ်ဆိုတာကို ပြောကြားလို ပါတယ်။ ဒီစစ်အာဏာသိမ်းမှုကြောင့်လည်း national ceasefire agreement လို့ ခေါ်တဲ့ NCA လည်း ပျက်ပြယ် သွားပြီဆိုတာ ကျနော်တို့ ပြောကြားလိုပါတယ်” ဟု ပြောသည်။

NCA စာချုပ်ကို RCSS၊ KNU၊ PNLO၊ CNF၊ ABSDF၊ NMSP၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုး သား အစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ လက်မှတ်ထိုးထားသည်။

လက်ရှိတွင်လည်း အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် KNU၊ CNF၊ ABSDF တို့သည် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။