CNI News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၁

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) သည် ပျက်သွားပြီဖြစ်၍ လိုက်နာစရာမရှိ တော့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောသည်။

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၀ ရက်နေ့က KNU ၏ ရက် ၁၀၀ အစီအစဉ် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားသွားခြင်း ဖြစ်သည်။

ပဒိုစောတာဒိုမူးက “ NCA နဲ့ ပတ်သက်လို့ ကျနော်တို့ လိုက်နာစရာ အကြောင်းမရှိတော့ပါဘူး၊ ဘာကြောင့်လဲဆို တော့ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း ၁ အခြေခံမူကို နင်းချေဖျက်ဆီးလိုက်တာက စစ်တပ်ဖြစ်ပါတယ်။ အဲဒီ အတွက်ကြောင့် NCA ရဲ့ အခန်း ၁ က NCA တစ်ခုလုံးရဲ့ နှလုံးသားဖြစ်ပါတယ်။ အဲဒီနှလုံးသားကို ဖျက်ဆီးလိုက်ပြီး ဖြစ်တဲ့အတွက်ကြောင့် ဒီ NCA ဟာ မရှိတော့ဘူး။ အဲဒီအတွက်ကြောင့် ဒီ NCA ကို အသုံးပြုပြီးတော့ ကျနော်တို့ နိုင်ငံတကာကို လှည့်စားခြင်းသော်လည်းကောင်း၊ ပြည်သူလူထုကို လှည့်စားခြင်းသော်လည်းကောင်း လုပ်တဲ့ ကိစ္စကတော့ ကျနော်တို့နဲ့ဘာမှ မဆိုင်ဘူးလို့ ပြောကြားချင်ပါတယ်”ဟု ပြောသည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က KNU အပါအ၀င် လက်နက်ကိုင် ၈ ဖွဲ့ NCA လက်မှတ်ရေးထိုးနေကြစဉ်

NCA အခန်း ၁ အခြေခံမူများသည် စုစုပေါင်း ၁၁ ချက်ရှိကြောင်း၊ ထိုအထဲတွင် (က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံ စိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက် များ အပြည့်အဝရှိသော၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေး ပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်ဟု ပြဋ္ဌာန်းထားသည်။

ထို့နောက် (ခ)တွင် မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာ ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရန် ဆွေးနွေးညှိနှိုင်း အဖြေရှာရေး၊ နိုင်ငံရေး ပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုငံရေးနည်းဖြင့် ဖြေရှင်း မည့် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ် ထူထောင်ပြီး၊ လက်နက်ကိုင် ပဋိပက္ခ အဆုံးသတ်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ဦးစာဆောင်ရွက်ရန်ဟု ပြဋ္ဌာန်းထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည် ဆောက်ရေးကို ဆောင်ရွက်ရန်အတွက် အဓိကအားဖြင့် ဆူးညှောင့်ခလုတ်ဖြစ်နေသည်မှာ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးများနှင့် ပတ်သက်၍ လက်ရှိနိုင်ငံ၏ ပကတိ အခြေအနေများနှင့် ကိုက်ညီစွာ စဉ်းစားဆောင်ရွက်၍ အရှည်မျှော်တွေးဆောင်ရွက် ကြရန်လိုသည်”ဟု ၂၀၂၃ ခုနှစ်၊ သြဂုတ် ၈ ရက်နေ့က ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ထို့နောက် NCA စာချုပ်အတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားထားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် KNU၊ ချင်းအမျိုးသားတပ်ဦး (CNF)တို့သည် NCA ၏ အခန်း(၃)ကို ပြဋ္ဌာန်းချက်များကို ကျူးလွန်ဖောက်ဖျက်နေသည်ဟု တပ်မတော်ဘက် ကလည်း ထောက်ပြလျက်ရှိသည်။

KNU၊ CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ(ALP)၊ KNU/KNLA-ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)တို့သည် NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့နောက် မွန်ပြည် သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် NCA စာချုပ် လက်မှတ်ရေးထိုးခဲ့သည်။

လက်ရှိတွင် မြန်မာ့တပ်မတော်အား KNU၊ CNF၊ ABSDF တို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များဖြင့် ပူးပေါင်း၍ တိုက်ခိုက်လျက်ရှိသည်။