CNI International News

သီရိနာဂ၊ သြဂုတ် ၁၁

အိန္ဒိယနိုင်ငံ၏ ဂျမူးနှင့်ကက်ရှ်မီးယားဒေသတွင် ၂၀၁၈ ခုနှစ်နောက်ပိုင်း စစ်သွေးကြွ ၁၀၅၀ ခန့်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၃၀၅ ဦး သေဆုံးခဲ့သည်ဟု New Indian Express မှ ရေးသားဖော်ပြခဲ့သည်။

၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အတွင်း ဂျမူးနှင့်ကက်ရှ်မီးယား ဒေသတွင် စစ်သွေးကြွများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်စဉ် ၆၂၆ ခု အပါအဝင် သောင်းကျန်းမှုနှင့် ဆက်နွှယ်သည့် ဖြစ်စဉ်ပေါင်း ၇၉၁ ခုရှိခဲ့သည်ဟု အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။

"၂၀၁၈ ခုနှစ်မှာ သောင်းကျန်းမှုနဲ့ ဆက်နွှယ်တဲ့ ဖြစ်စဉ် ၂၂၈ ခု၊ ၂၀၁၉ ခုနှစ်မှာ ၁၅၃ ခု၊ ၂၀၂၀ ပြည့်နှစ်မှာ ၁၂၆ ခု၊ ၂၀၂၁ ခုနှစ်မှာ ၁၂၉ ခု၊ ၂၀၂၂ ခုနှစ်မှာ ၁၂၅ ခုနဲ့ ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အထိ ဖြစ်စဉ် ၃၀ ရှိခဲ့ပါတယ်" ဟု အိန္ဒိယပြည်ထဲရေးဝန်ကြီး နစ်တယာနန် ရိုင် (Nityanand Rai) က ပြောသည်။ 

သောင်းကျန်းမှုနှင့် ဆက်နွှယ်သည့် ဖြစ်စဉ် ၇၉၁ ခုတွင် စစ်သွေးကြွ ၁၀၅၀ ခန့် သေဆုံးခဲ့ကြောင်း၊ စစ်သွေးကြွများ သေဆုံးမှု အများဆုံး ခုနှစ်များမှာ ၂၀၁၈ ခုနှစ်တွင် ၂၅၇ ဦး၊ ၂၀၂၀ ပြည့်နှစ်တွင် ၂၂၁ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၁၈၇ ဦး၊ ၂၀၂၁ ခုနှစ်တွင် ၁၈၀ ဦး၊ ၂၀၁၉ ခုနှစ်တွင် ၁၅၇ ဦးနှင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အထိ ၅၀ ဦး ရှိခဲ့သည်ဟု အချက်အလက်များတွင် ဖော်ပြထားသည်။
ထို့ပြင် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင် ၃၁၉ ဦး သေဆုံးခဲ့သည်။

သေဆုံးမှုစာရင်းကိုတွေ့ရစဉ်

လုံခြုံရေးတပ်ဖွဲ့ဝင်များ သေဆုံးမှုအများဆုံး ခုနှစ်များမှာ ၂၀၁၈ ခုနှစ်တွင် ၉၀ ဦး၊ ၂၀၁၉ ခုနှစ်၌ ၈၀ ဦး၊ ၂၀၂၀ ပြည့်နှစ်တွင် ၆၃ ဦး၊ ၂၀၂၁ ခုနှစ်မှာ ၄၂ ဦး၊ ၂၀၂၂ ခုနှစ်၌ ၃၂ ဦးနှင့် ၂၀၂၃ ခုနှစ်တွင် ၁၁ ဦး ရှိခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် လေးနှစ်ခွဲ ကာလအတွင်း ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် သောင်းကျန်းမှုများနှင့် ဆက်နွှယ် သည့် ဖြစ်စဉ်များအတွင်း အရပ်သား ၁၈၄ ဦး သေဆုံးခဲ့သည်ဟု အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၏ အချက် အလက်များတွင် ဖော်ပြခဲ့သည်။

အရပ်သား သေဆုံးမှုများအနက် ၂၀၁၈ ခုနှစ်တွင် ၄၀ ဦး၊ ၂၀၁၉ ခုနှစ်၌ ၃၉ ဦး၊ ၂၀၂၀ ပြည့်နှစ်မှာ ၃၂ ဦး၊ ၂၀၂၁ ခုနှစ်တွင် ၃၇ ဦး၊ ၂၀၂၂ ခုနှစ်၌ ၂၆ ဦးနှင့် ၂၀၂၃ ခုနှစ်မှာ ၁၀ ဦး ရှိခဲ့သည်။ 

အရပ်သား သေဆုံးမှု စုစုပေါင်းတွင် ၃၅ ဦးသည် စစ်သွေးကြွများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား အပြန်အလှန် ပစ်ခတ်မှုများအတွင်း သေဆုံးခဲ့ခြင်း ဖြစ်သည်။

လုံခြုံရေးတပ်ဖွဲ့နဲ့ အဓိကရုဏ်းဖြစ်ပွားနေစဉ်

အချက်အလက်များအရ အပြန်အလှန် ပစ်ခတ်မှုများအတွင်း ခုနှစ်အလိုက် အရပ်သား သေဆုံးမှုစာရင်းမှာ ၂၀၁၈ ခုနှစ်တွင် ၁၅ ဦး၊ ၂၀၁၉ ခုနှစ်၌ ၅ ဦး၊ ၂၀၂၀ ပြည့်နှစ်မှာ ၆ ဦး၊ ၂၀၂၁ ခုနှစ်တွင် ၄ ဦးနှင့် ၂၀၂၂ ခုနှစ်၌ ၅ ဦးရှိခဲ့ကာ ၂၀၂၃ ခုနှစ်မှာ အရပ်သား သေဆုံးမှု မရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် ၂၀၁၈ ခုနှစ်နောက်ပိုင်း သောင်းကျန်းမှုနှင့် ဆက်နွှယ်သည့် ဖြစ်စဉ်များ အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သေဆုံးမှုသည် သိသာစွာ လျော့ကျလာခဲ့သည်ဟုလည်း အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနက ဖော်ပြခဲ့သည်။

Source: New Indian Express