CNI International News

ပြုံယမ်း၊ သြဂုတ် ၁၁

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong-un)က ခံစစ်အသွင်ဖြင့် စစ်ပွဲအတွက် ပြင်ဆင်မှုများကို တိုးမြှင့်ရန် တိုက်တွန်းခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီမှ ဖော်ပြခဲ့သည်။ 

တောင်ကိုရီးယားနှင့် အမေရိကန်သည် ယခုလကုန်တွင် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ်နေချိန်တွင် ကင်မ်၏ ပြောကြားချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟု Korea Times မှ ဖော်ပြခဲ့သည်။ 

ကင်မ်သည် သြဂုတ် ၉ ရက်က အာဏာရကိုရီးယား အလုပ်သမားပါတီ၏ ဗဟိုစစ်ကော်မရှင် (Central Military Commission of the ruling Workers' Party of 
Korea)အစည်းအဝေးအတွင်း ထိုကဲ့သို့ မှတ်ချက်ပေးခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ပုံမှန်အားဖြင့် အဆိုပါ အစည်းအဝေးကို ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလများတွင် ဆက်တိုက် ပြုလုပ်လေ့ရှိသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ စစ်ဦးစီးချုပ်ဖြစ်လာတဲ့ ရီယွန်ဂျီကိုတွေ့ရစဉ်

"ကင်မ်ဟာ ကိုရီးယားကျွန်းဆွယ်ရဲ့ လက်ရှိ အခြေအနေကို လေ့လာသုံးသပ်ခဲ့ပြီး မြောက်ကိုရီးယားစစ်တပ်ရဲ့ စစ်ပြင်ဆင်မှုတွေကို အရှိန်မြှင့်တင်ဖို့ အရေးကြီးတဲ့အကြောင်း မှာကြားခဲ့ပါတယ်"ဟု KCNA က ဖော်ပြခဲ့သည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့သည့် နှစ်စဉ်ပြုလုပ်နေကျ ပူးတွဲစစ်ရေး လေ့ကျင့်မှုဖြစ်သည့် Ulchi Freedom Shield စစ်ရေးလေ့ကျင့်မှုကို ယခုလကုန်တွင် ပြုလုပ်ရန် စီစဉ်နေချိန်တွင် မြောက်ကိုရီးယားက ဗဟိုစစ်ကော်မရှင် အစည်းအဝေး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားရဲ့ ဗဟိုစစ်ကော်မရှင် အစည်းအဝေး ကျင်းပနေစဉ်

တောင်ကိုရီးယားနှင့် အမေရိကန်၏ စစ်ရေးလေ့ကျင့်မှုများသည် ကျူးကျော်မှုအတွက် အစမ်းလေ့ကျင့်မှုများ ဖြစ်သည်ဟု မြောက်ကိုရီးယားက မှတ်ယူခဲ့သည်။

ထို့ပြင် မြောက်ကိုရီးယားသည် ၎င်း၏ စစ်အင်အားကို ပြသသည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

ထို့နောက် ပြီးခဲ့သည့်လက ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေရွိုက်ဂူ (Sergei Shoigu) ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့ မြောက်ကိုရီးယားသို့ လာရောက်ခဲ့ပြီး မြောက်ကိုရီးယား၏ လက်နက်ခဲယမ်း စက်ရုံများကို ကင်မ်နှင့် အတူ သွားရောက် ကြည့်ရှုခဲ့သည့် အချိန်နှင့်လည်း မရှေးမနှောင်းဖြစ်သည်။

ကင်မ်သည် လက်နက်ခဲယမ်း စက်ရုံများ၏ အရေးကြီးပုံကို အလေးထား ပြောကြားခဲ့သည်။

ထိုစက်ရုံများသည် မြောက်ကိုရီးယားစစ်တပ်ကို ပိုမိုအင်အား တောင့်တင်းစေရန် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ လက်နက် အများအပြား ထုတ်လုပ်ရန်နှင့် ရှိရင်းစွဲ လက်နက်များကို အဆင့်မြှင့်တင်ရန် လိုအပ် ကြောင်း ကင်မ်က ပြောသည်။

ဗဟိုစစ်ကော်မရှင် အစည်းအဝေးအတွင်း ကင်မ်သည် ထိပ်သီး ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည့် စစ်ဦးစီးချုပ် ပတ်ဆူအီ (Pak Su-il)၏ ရာထူးနေရာကို ရီယွန်ဂျီ (Ri Yong-gil) နှင့် အစားထိုးခဲ့သည်။

မြောက်ကိုရီးယား၏ ကာကွယ်ရေးဝန်ကြီးဖြစ်သည့် ရီသည် ဝန်ကြီးရာထူးနေရာတွင် ဆက်ရှိနေမည် ဟုတ်၊ မဟုတ် ရှင်းလင်းတိကျသည့်သတင်း ထွက်ပေါ်ခဲ့ခြင်း မရှိပေ။ 

Source: Korea Times