CNI International News

ပြုံယမ်း၊ ဇွန်လ ၁၀

တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၏ ၂ ရက်ကြာ ပြုံယမ်းခရီးစဉ်အပြီး တရုတ်နှင့် မြောက်ကိုရီးယား နိုင်ငံသည် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေရန်နှင့် အချုပ်အခြာအာဏာအား အပြန်အလှန် ကာကွယ်စောင့်ရှောက်ရန် ကတိပြုခဲ့ကြကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံဆက်ဆံရေးတွင် ကဏ္ဍသစ်တစ်ခု ဖွင့်လှစ်ရန်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေး မှု အပြင် အခြားသော ကဏ္ဍစုံ၌ ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့သွားရန် ကတိပြုခဲ့ကြ ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဇွန်လ ၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပိုမိုအားကောင်းလာစေရန် လုပ်ဆောင်ခြင်းသည် မိမိတို့နိုင်ငံ၏ အရေးအကြီးဆုံး မဟာဗျူဟာမြောက် မစ်ရှင်ဖြစ်သည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံ အန် (Kim Jong Un) က ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းအေဂျင်စီကလည်း တရုတ်သမ္မတ ရှီက တရုတ်နိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံ တို့၏ ဆက်ဆံရေးသည် သမိုင်းဝင် အစပျိုးမှု လမ်းကြောင်းသစ် တစ်ခုပေါ်တွင် ရပ်တည်နေကြောင်း ဇွန်လ ၈ ရက်၌ ပြောကြားခဲ့ပြီး ခေါင်းဆောင် ကင်မ်နှင့်အတူ အရေးကြီးသော ဘုံသဘောတူညီချက်များ ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

ပြုံယမ်းမြို့တွင် ကျင်းပသည့် နိုင်ငံတော်အဆင့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်စဉ် ရှီက တရုတ်နှင့် မြောက်ကိုရီးယားသည် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနှင့် ရဲဘော်ကောင်းများဖြစ်ကြောင်း တင်စား ခေါ်ဝေါ်ခဲ့ပြီး ၎င်းတို့ကြားရှိ နက်ရှိုင်းသော သမိုင်းဝင် ဆက်ဆံရေးကို အလေးပေး ပြောကြားခဲ့သည်။

မြောက်ကိုရီးယား‌ခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်

“တရုတ်နိုင်ငံနဲ့ မြောက်ကိုရီးယားတို့ဟာ တောင်တန်းတွေ၊ မြစ်ချောင်းတွေနဲ့ ဆက်နွှယ်နေပြီး ဘုံကံကြမ္မာ တစ်ခု ကို မျှဝေခံစားနေကြတာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ရိုးရာချစ်ကြည်ရင်းနှီးမှုဟာ မျိုးဆက် တစ်ခုကနေတစ်ခု လက်ဆင့်ကမ်းလာခဲ့ပြီး ပြောင်းလဲတိုးတက်နေတဲ့ နိုင်ငံတကာ အခင်းအကျင်းရဲ့ စမ်းသပ်မှုတွေကို ဖြတ်ကျော်ကာ အချိန်နဲ့အမျှ ပိုမိုခိုင်မာလာခဲ့ပါတယ်” ဟု ရှီက ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီသည် ဇွန်လ ၈ ရက်တွင် ပြုံယမ်းမြို့သို့ ရောက်ရှိလာခဲ့ပြီး ခမ်းနားထည်ဝါလှသော ကော်ဇောနီ ခင်း ကြိုဆိုပွဲ အခမ်းအနားဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုခြင်းကို ခံခဲ့ရသည်။

ဆွေးနွေးပွဲများအတွင်း ရှီက မြောက်ကိုရီးယားနိုင်ငံနှင့် ကင်မ်အပေါ် တရုတ်နိုင်ငံ၏ ထောက်ခံအားပေးမှုသည် တုန်လှုပ်ခြင်းမရှိဘဲ ခိုင်မာနေမည်ဟု ကတိပြုခဲ့ပြီး၊ နိုင်ငံခြားရေးမူဝါဒ၊ ဥပဒေစိုးမိုးရေးနှင့် စစ်ရေးကဏ္ဍ အစရှိ သည့် နယ်ပယ်စုံတွင် အဆင့်တိုင်း၌ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းအောင် လုပ်ဆောင်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ယခု ပြုံယမ်းခရီးစဉ်သည် ရှုထောင့်ပေါင်းစုံမှ သုံးသပ်ရမည့် အခြေအနေတစ်ရပ်ကို ဖော်ပြနေကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားကြသည်။

ရှီသည် ပြီးခဲ့သည့်လက ပေကျင်းမြို့တော်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၊ ရုရှား သမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) တို့နှင့် ထိပ်သီး အစည်းအဝေးများ ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီး ယားသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

Source: South Chian Morning Post