CNI International News
ဘေဂျင်း၊ ဇွန်လ ၁၇
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံသို့ သွားရောက်သည့် နိုင်ငံတော်ခရီးစဉ်သည် ၎င်းအတွက် အရေးပါသော သံတမန်ရေးရာ အားသာချက်တစ်ခု ဖြစ်လာလိမ့်မည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အဆင့်မြင့်ဆုံး သံတမန်ရေးရာ ဆက်ဆံမှု တစ်ခုဖြစ်သည့် မြန်မာသမ္မတ၏ ၅ ရက်ကြာ ခရီးစဉ်အတွင်း သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် လကုန်ပိုင်းက အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပြီး အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ (Narendra Modi) နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် တရားဝင်ခရီးစဉ်အပြီး ယခု တရုတ်ခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
“ရှီကျင့်ဖျင်က အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ တရားဝင် နိုင်ငံတော်အဆင့် ခရီးစဉ်ဟာ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အစိုးရသစ်ကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်မယ့် မိတ်ဖက်နိုင်ငံအဖြစ် ဆက်ဆံဖို့ အဆင်သင့် ရှိနေပြီ ဆိုတာကို ပြသလိုက်တဲ့ ထင်ရှားတဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်”ဟု Crisis Group ၏ မြန်မာ့အရေး ဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချတ် ဟော်ဆေး (Richard Horsey) က ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင် တွေ့ဆုံ ဆွေးနွေးကြစဉ်
“ပြီးခဲ့တဲ့ ခရီးစဉ်တုန်းက အိန္ဒိယနိုင်ငံဟာ သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပေမဲ့ တရားဝင် နိုင်ငံတော်အဆင့် ခရီးစဉ်တစ်ခုလိုမျိုး အပြည့်အဝ ဂုဏ်ပြုတာမျိုးတော့ မဟုတ်ခဲ့ပါဘူး” ဟု ၎င်းက နှိုင်းယှဉ်ပြောကြားခဲ့သည်။
သို့သော် တရုတ်အနေဖြင့် နယ်စပ်ဒေသများ တည်ငြိမ်အောင် လုပ်ဆောင်ခြင်းနှင့် မြေရှားသတ္တုကဲ့သို့ အဓိက သယံဇာတများကို ဖော်ထုတ်ခြင်း အပါအဝင် ၎င်းတို့၏ ကိုယ်ပိုင် မဟာဗျူဟာမြောက် အကျိုးစီးပွားများကို ကာကွယ်ရန် အတွက်သာ ဆက်လက် အာရုံစိုက်ထားဖွယ်ရှိကြောင်း လေ့လာဆန်းစစ်သူများက ပြောကြသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဖက်နှင့် ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး နိုင်ငံတစ်ဝန်း ဖြတ်သန်း ဖောက်လုပ်ထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့် ရေနက်ဆိပ်ကမ်းတစ်ခု အပါအဝင် အဓိကကျ သော ပိုးလမ်းမစီမံကိန်း(BRI) များမှတဆင့် ၎င်း၏ ဩဇာအာဏာကို ခိုင်မာစွာ တည်ဆောက်ထားသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
တရုတ်သည် မြန်မာ့တပ်မတော်အတွက် လက်နက်များ ထောက်ပံ့ပေးနေပြီး သံတမန်ရေးရာ မိတ်ဖက်အဖြစ် လည်း ရပ်တည်နေသည်။
တစ်ခါတစ်ရံတွင် တရုတ်နိုင်ငံနှင့် နက်ရှိုင်းစွာ ဆက်နွှယ်မှုရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စိုးမိုး ထားသော နယ်စပ်ဒေသအချို့၌ အပစ်အခတ်ရပ်စဲရေး ရရှိစေရန် ကြားဝင်စေ့စပ်ပေးသည်အထိ ကူညီဆောင်ရွက် ပေးလေ့ရှိသည်။
“တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားဟာ ဖက်ဒရယ်စနစ်အပေါ်မှာ ရှိနေတာမဟုတ်ဘဲ မြေရှားသတ္တုတွေ၊ အခြေခံ အဆောက်အအုံတွေ၊ သတ္တုတွင်း တူးဖော်ရေးတွေနဲ့ အိန္ဒိယသမုဒ္ဒရာဆီ ဦးတည်နေတဲ့ စီးပွားရေးစင်္ကြံကို လုံခြုံအောင်လုပ်ဖို့ အပေါ်မှာပဲ ရှိနေတာ ဖြစ်ပါတယ်”ဟု မြန်မာ့အရေးကို အနီးကပ်စောင့်ကြည့်နေသည့် ထိုင်းနိုင်ငံအခြေစိုက် လေ့လာဆန်းစစ်သူ ဒေးဗစ် မက်သီဆန် (David Mathieson) က ပြောကြားခဲ့သည်။
Source: ရိုက်တာ
